သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ထိန်းချုပ်နယ်ထဲက AA တပ်စခန်းကို စစ်တပ်တိုက်ခိုက်


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA

ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့က ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA ရဲ့ တပ်စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ ဗိုလ်ကြီးတယောက်သေဆုံးပြီး ရဲဘော်တချို့ ဒဏ်ရာခဲ့ပါတယ်။ မုန်လိုင်ခမ်းစခန်း တိုက်ခိုက်ခံရတာနဲ့ပါတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော် တင်ပြပါမယ်။

ကချင်တိုင်းရင်းသားလက်နက်ကိုင် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့က မုန်လိုင်ခမ်းစခန်းကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ကြာပတေး‌နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့က ဗိုလ်ကြီးတယောက် သေဆုံးခဲ့ပါတယ်။ KIA နဲ့ AA အဖွဲ့တို့ဟာ စစ်ရေးအရ မဟာမိတ်တွေဖြစ်တာမို့ AA က အဲဒီမှာ တပ်စခန်းချထားတာဖြစ်ပါတယ်။ AA တပ်စခန်းရှိတဲ့နေရာကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတဦး သေဆုံးခဲ့တဲ့အပြင် ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက VOA မြန်မာပိုင်းကို ပြောပါတယ်။

“ မနက်ဆယ်နာရီလောက်မှာ စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ခါယာဘုန်း ခါယာတောင်ကြောကနေပြီးတော့ သူတို့လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်၊ ၁၂၀ မမနဲ့ ပစ်တာ အဲဒီမှာ ဒီလိုင်ဇာ ဧရိယာထဲမှာ ရှိတဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော် တပ်စွဲထားတဲ့ မုန်လိုင်ခမ်းစခန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာရှိတယ်၊ ဆိုတော့ အဲဒီဖြစ်စဉ်မှာ ကျနော်တို့ ရက္ခိုင့်တပ်တော်၊ ဗိုလ်ကြီးတဦးအပါအဝင် ရဲဘော်တချို့ ဒဏ်ရာ ရတာရှိတယ်၊ ဒဏ်ရာပြင်း ထန်တဲ့ ဗိုလ်ကြီးကတော့ အရေးပေါ် ဆေးကုသမှုခံယူရင်း ညနေ ၄ နာရီလောက်မှာ ကျဆုံးသွားတာရှိတယ်ဗျာ”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း AA နဲ့ စစ်ကောင်စီတပ်တွေကြား နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာတော့ ၂ ဘက် အပြန်အလှန်တိုက်ပွဲတွေ ငြိမ်နေပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ KIA ဒေသထဲမှာ ခုလို AA စခန်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဇူလိုင်လ အစောပိုင်းကလည်း ကရင်တိုင်းရင်းသားလက်နက်ကိုင် KNLA ထိန်းချုပ်ဒေသထဲမှာရှိတဲ့ AA တပ်စခန်းတခုကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ဖူးပါတယ်။ အခုလည်း KIA ထိမ်းချုပ်နယ်မြေထဲက AA အခြေစိုက်စခန်းကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ AAပြောခွင့်ရ ခိုင်သုခက မြင်ပါတယ်။

“ ဒီဟာကတော့ သူတို့ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တာ ပေါ့ဗျာ၊ သူတို့ သေသေချာချာ ပစ်မှတ်ရွေးချယ်ပြီးမှ ပစ်တဲ့ ကိစ္စဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေနဲ့ လိုအပ်သလို ဆုံးဖြတ်လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ ကိစ္စကတော့ ကျနော့်ဆီကို ဘာမှ ညွန်ကြားချက်ပေးလာတာမရှိသေးဘူးဗျာ။”

AA အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လေ့ကျင့်ပေးတာတွေ၊ ဝင်ကူတိုက်ပေးတာတွေလည်း ရှိတယ်လို့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အခုတလောအတွင်း စစ်တပ်က စစ်ရေးလေ့ကျင့်တာတွေ လက်နက်ကြီးပစ်လေ့ကျင့်တာတွေရှိနေသလို စစ်ဆေးရေးဂိတ်တွေ တိုးမြင့်ချထားတာ တွေရှိနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အနေအထားမှာရှိနေတယ်လို့လည်း AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG