သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ်အနီး တိုက်ပွဲ ပြင်းထန်


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေဆိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၁၃)
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေဆိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို တွေ့ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၁၃)

ဒီကနေ့ မနက်ပိုင်းမှာ KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ စနေနေ့က မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိတဦးအပါအဝင် ၅ ဦးကို ကချင်လွတ်မြောက်ရေးတပ် KIA က ဖမ်းဆီးခဲ့ပြီးနောက် အခုလို တိုက်ပွဲ ပြင်းထန်လာတာပါ။ နမ့်ဆန်ယန်ဘက် တိုက်ပွဲပြင်းထန်နေချိန်မှာပဲ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ရွာအနီးက KIA ကာကင်းစခန်းတခုကို ဒေသခံပြည်သူ့စစ်တပ်ဖွဲ့က သိမ်းယူခဲ့သလို ဆွမ်ပရာဘွမ်ဒေသဖက်မှာလည်း စစ်ရေးတင်းမာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးစစ်ရေးအခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ဆန်ယန်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး စစ်ရေးတင်းမာနေခဲ့ရာက ဗန်းမော်- မြစ်ကြီးနားလမ်းတလျောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ အထူးသဖြင့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းက ဝိုင်းမော်မြို့နယ် ဂါရာယန်၊ ဒဘတ်၊ ကဇူးနဲ့ နမ့်ဆန်ယန်စတဲ့ကျေးရွာတွေနဲ့ မိုးမောက်မြို့နယ်အတွင်းက မဒီးယန်၊ လဂျားယန်နဲ့ ခါ့လားယန်စတဲ့ ကျေးရွာတကြောမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မနက်မှာတော့ နမ့်ဆန်ယန်ကျေးရွာတဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာဖက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ ဒီနေ့က အစောကြီးပေါ့။ လိုင်လွမ့်အောင်ဂျာ ဘက်မှာ တိုက်ပွဲတွေရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်နဲ့ပစ်တယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တာတွေရှိပါတယ်။ နေ့လည်လောက်ဆိုရင်တော့ လိုင်လွမ့်အောင်ဂျာ ပတ်ဝန်းကျင်ဖက်မှာ စစ်ကောင်စီဘက်ကနဲ့ လေကြောင်းနဲ့လာပြီးတော့ ဗုံးကြဲတဲ့အခြေအနေတွေရှိပါတယ်ခင်ဗျ။ ၃ ကြိမ်လောက်လာတယ်လို့တော့ သတင်းတက်ပါတယ်။”

အခြေအနေအသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောပါတယ်။ ဒီကနေ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ စနေနေ့ကတော့ မိုးမောက်မြို့နယ် နွမ်းလန်းရွာနဲ့ အူထန်ယန်ရွာအကြားရှိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အရာရှိအပါအဝင် တပ်သားအချို့ဖမ်းဆီးခံရပြီးနောက် ပြင်းထန်လာတာဖြစ်ပါတယ်။

စနေနေ့က အလော့ဘွမ်အနီး ရှန်းထုန်းဘွမ် တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ နွမ်လန်းတပ်စခန်းကို ရိက္ခာလာယူစဉ် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရတာရှိခဲ့ကြောင်း မိုးမောက်ဒေသခံတဦးက ပြောပါတယ်။
“ အလော့ဘွမ်အောက် ဒီရှန်းထုန်းဘွမ်ပေါ့။ အဲဒီတောင်ကဟာတွေ ဒီနွမ်းလန်းတပ်ရင်းမှာ ရိက္ခာလာယူတာပေါ့။ အဲဒါကို အဲဒီတောင်ခြေမှာ စောင့်တဲ့ ဟာတွေနဲ့ တွေ့လို့ အဲဒီမှာ တိုက်ပွဲဖြစ်တာပေါ့။ အဲဒါ သူတို့က ဆင်းခဲ့တာတော့ ၁၅ ယောက် ဆင်းခဲ့တယ်လို့ ပြောတယ်။ အဲဒါ နွမ်းလန်းတပ်ရင်းထဲမှာတော့ ၈ ယောက်လောက် ရောက်ခဲ့တယ်တဲ့။ ၇ ယောက်က သူတို့ လက်ထဲ ရောက်သွားပြီပေါ့။ သေတာရှင်တာကတော့ ကျနော်တို့လည်း မသိဘူး။ ဒါပေမဲ့ ဟိုဘက် ကျန်ထားတာက ၇ ယောက်။ ၇ယောက်ထဲမှာ ဗိုလ်ကြီးပါတယ်တဲ့။”

ဒီသတင်းကို ဗိုလ်မှူးကြီးနော်ဘူက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး စစ်ကောင်စီတပ်သား အချို့ ဖမ်းဆီးခံရပြီးနောက် ဒဏ်ရာနဲ့ သေဆုံးသူတဦးရှိကြောင်းလည်း ပြောပါတယ်။

“ဒေါ့ဖုန်းယန်နဲ့ နွမ်းလန်းကြားက အူထန်ယန်ဆိုတဲ့ရွာနားမှာ တိုက်ပွဲဖြစ်တယ်တဲ့။ ဆိုတော့အဲဒီမှာက တချို့တွေကတော့ ကျသွားတယ်။တချို့စစ်သားတွေကိုတော့ အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ ဒါပေမဲ့ အရှင်ဖမ်းမိတာကတော့ ဒဏ်ရာရပြီးမှ ထွက်ပြေးလို့ မရတဲ့ အခြေအနေထဲမှ ဖမ်းရတဲ့ သဘောမျိုးရှိပါတယ်။ အားလုံးကတော့ ၅ ယောက် ဖမ်းမိတယ်လို့ ပြောပါတယ်။ အဲဒီ ၅ယောက်ထဲက ၁ယောက်ကတော့ ဖမ်းမိတဲ့ မကြာတဲ့အချိန်မှာ ပြန်ပြီးမှ သေသွားတယ်ဆိုတဲ့သတင်း ပြန်ပို့လာတာရှိပါတယ်။ ဆိုတော့ အခုနောက်ဆုံးကတော့ အဲဒီဖမ်းမိတဲ့အဖွဲ့တွေကတော့ ဘယ်လိုအခြေအနေရှိသလဲဆိုတာတော့ မရသေးပါဘူး။”

ဖမ်းမိတဲ့ သူတွေကိုတော့ ဂျနီဗာသဘောတူစာချုပ်နဲ့အညီ ဆက်ဆံသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်သားတွေကို KIA နဲ့ အတူ ရခိုင်တပ်တော် AA တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်တာဖြစ်ကြောင်း ရေးသားကြပါတယ်။ နမ့်ဆန်ယန်ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ဒီကနေ့ မနက် ၅နာရီလောက်မှာတော့ ဖားကန့်မြို့နယ် တနိုင်းအသွား လီဒိုလမ်းမကြီးပေါ်က ရှဒူးဇွပ်ရွာအနီးမှာ KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ KIA ကာကင်းစခန်းတခုကို ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းယူတာဖြစ်ကြောင်း ပြောပါတယ်။

“ KIA တပ်ရင်း ၁၄ လက်အောက်ခံတွေပေါ့။ ရှေ့ကာကင်းတခုကို ရှဒူးဇွပ်က ပြည်သူ့စစ် မင်းဇင်သန့်အဖွဲ့တွေ လာပြီးမှ သိမ်းတယ်ဆိုတဲ့ သတင်းကတော့ရပါတယ်။ ဒါပေမဲ့ အခြေအနေအသေးစိတ်ကိုတော့ မရသေးပါဘူး။”

သိမ်းပိုက်ခံရတဲ့ KIA စစ်စခန်းဟာ ရှဒူးဇွပ်ရွာနဲ့ ၅မိုင်အကွာမှာ ရှိတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ တီယန်ဇွပ်နဲ့ တန်ဖဲရွာအနီး မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်က လှုပ်ရှားမှုတွေ ရှိနေပြီး ဒါဟာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စစ်ရေးတင်းမာလာမယ့် အခြေအနေဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်ပရာဘွမ်မြို့နယ် ပူတာအို-မြစ်ကြီးနားကားလမ်းရှိ ဒရူခကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းယူခဲ့တာပါ။ ဒါကို စစ်ကောင်စီတပ်က ပြန်လည် ထိုးစစ်ဆင်မယ့်အခြေအနေအဖြစ် သုံးသပ်တာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းအခြား စစ်ရေးတင်းမာနေတဲ့ဒေသကတော့ ဖားကန့်မြို့ ပတ်ဝန်းကျင်ဒေသပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ KIA က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်တာရှိခဲ့သလို စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG