သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား တိမ်းရှောင်


စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတဲ့ နန့်ဆန်ယမ်ကို Google Earth မြေပုံမှာတွေ့ရစဉ်
စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေတဲ့ နန့်ဆန်ယမ်ကို Google Earth မြေပုံမှာတွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီကနေ့ မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာလည်း တိုက်ပွဲပြင်းထန်နေပြီး လူ ၁၀၀ကျော်လော်က ဒေါ့ဖုန်းယန်ကို တိမ်းရှောင်နေကြပါတယ်။ ကချင်ပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲဟာ ဟောင်ပါးကျေးရွာမှာ စခန်းချနေတဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ရာကနေ ဒီကနေ့ မနက်အစောပိုင်းမှာ စတင်ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲအခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ မနက် ၄နာရီခွဲ၊ ၅နာရီလောက် အဲလောက်ဖြစ်တာ။ ဟောင်ပါးရွာအဝင်နားမှာ PDF နဲ့ KIA နဲ့ ထိုင်ထားတာပေါ့လေ။ အဲဒီမှာ ဒီ တာမခန်စစ်တပ်ကနေပြီး သွားတိုက်တာပေ့ါ။ သွားတိုက်တော့ PDF၊ KIA နဲ့ က နောက်ဆုတ်ပေးလိုက်တာလေ။ အခု အဲဒါ တပ်က ပြန်ခေါက်သွားတဲ့အချိန် အဲဒီနေရာကို KIA နဲ့ PDF က ပြန်ထိုင်ထားပြီဆိုတဲ့အခါကျတော့ နောက်ထပ် ပြန်ဖြစ်လာမှာကို စိုးရိမ်ပြီးတော့ တချို့လည်း ရှောင်ပြေးနေကြတာပေ့ါ။ အဓိက ရှောင်တာကတော့ ဒီ ဟောင်ပါး။ နောက်ပြီးတော့ ဟောင်ပါးနဲ့ တာမခန်ကြားက မှော်ရွာလေးတွေပေါ့။”

တိုက်ပွဲဖြစ်ပွားချိန်ဟာ နာရီဝက်လောက်ကြာမြင့်ပြီး တာမခန်တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့်ပြီး တိမ်းရှောင်ကြတာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ လိုင်ဇာဒေသအနီး စစ်ရေးတင်းမာနေတဲ့ နမ့်ဆန်ယန်ဘက်ကို စစ်ကောင်စီက ဗန်းမော်ဘက်ကနေ စစ်အင်အားဖြည့်တင်းနေတာကြောင့် မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေပါတယ်။ မိုးမောက်မြို့နယ် ဒေ့ါဖုန်းယန်မြို့နယ်ခွဲက ခလားယန်ဘက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေကြောင်း မိုးမောက်ဒေသခံတဦးက ပြောပါတယ်။

“အခုတော့ ဟိုမှာ အသံတွေ မြည်နေတယ်။ နမ့်ဆန်ယန်ဘက် သွားတဲ့လမ်း၊ ခလာယန်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ထုနေတယ်။ အခုကတော့ ဒီဘက်မှာတော့ ၇ရက်နေ့ကနေ နေ့တိုင်းလိုလိုဖြစ်တယ်။ ”

တိုက်ပွဲတွေကြောင့် ရွာ ၃ရွာက လူ ၁၀၀ကျော်လောက်ဟာ ဒေါ့ဖုန်းယန်ကို တိမ်းရှောင်နေရကြောင်းလည်း ပြောပါတယ်။

“ ပြေးတဲ့စစ်ရှောင်တွေက ဒီအနီးအနား တဝိုက်က ဒိန်ဂါယန်၊ ခလားယန်၊ နောင်ဝမ့် ဒါတွေပါပဲ။ လူဦးရေတော့ ၁၂၀ ရှိတယ်။ စစ်ရှောင်တွေ အခက်အခဲက စားဝတ်နေရေးပေါ့။”

လောလောဆယ် စစ်ရှောင်တွေအတွက် ဗန်းမော်မြို့ နှစ်ချင်းခရစ်ယာန်အသင်းက ထောက်ပံ့ထားကြောင်း ပြောပါတယ်။ KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ စနေနေ့မှာ ဒေ့ါဖုန်းယန်ကနေ နမ့်ဆန်ယန်ဘက်ကို ကားတွေ ၂၅စီးလားမသိဘူး တက်လာတယ်။ စစ်သားတွေကတော့ လမ်းရှင်းရင်းနဲ့ ခြေလျင်လျှောက်ပြီးမှ တက်လာတယ်။ အဲဒါကို ကျနော်တို့ KIA ဘက်ကနေ ခုခံပြီးမှ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တာရှိပါတယ်။ အဲဒါကြောင့် ကားတွေ အကုန်လုံး ဒေ့ါဖုန်းယန် ခလားရွာမှာပဲ ပြန်ပြီးမှ အားလုံးကတော့ ရပ်ထားတယ်။ အဲဒီ ရပ်ထားတဲ့ ကားတွေကို မနေ့က တနင်္ဂနွေနေ့ ၁၀ရက်နေ့မှာ ပြန်ပြီးမှ လက်နက်ကြီးတွေ တိုက်ခိုက်တာ အဲဒီမှာက ကားတွေ ၃- ၄စီးလောက် မီးလောင်ပြီးမှ ပျက်စီးသွားတာ။.. ”

ခလားရွာမှာ ကားတွေကို တိုက်ခိုက်ပြီးနောက်မှာ စစ်ကား ၁၀စီးလောက်ဟာ ဒေါ့ဖုန်းယန်ဘက်ကို ပြန်ဆုတ်ခွာသွားကြောင်းနဲ့ ခလားရွာမှာရောက်နေတဲ့တပ်တွေဟာ အဲဒီမှာပဲ ရှိနေကြောင်း ပြောပါတယ်။ ဒီနေ့မှာ မဒီးယန်၊ အောင်ဂျာရွာဘက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ခရာတောင်အပါအဝင် သူတို့ အခြေစိုက်တဲ့ တောင်ကုန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေကြောင်း ဆက်ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး စစ်ရေးတင်းမာနေတာပါ။ မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်ကနေ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာနေတာကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်က ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပါတယ်။ ဖားကန့်မြို့နယ်ဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့တော့ အသေးစိတ် မသိရကြောင်းလည်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

“ ဖားကန့် ကျနော်တို့ တပ်ရင်း ၂၆နယ်မြေဘက်မှာ ဒီမနက်အစောကြီး တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကြားပါတယ်။ ဟောင်ပါးရွာမှာဖြစ်တယ်လို့ ကြားပါတယ်။ မြေပြင်ရဲ့ အသေးစိတ်သတင်းတွေကတော့ အခုထက်ထိကတော့ မရသေးဘူး။”

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဟောင်ပါးရွာအတွင်းမှာစစ်ကောင်စီနဲ့ SNA ခေါ် ရှမ်းနီတပ်ဖွဲ့က နေရာယူထားကြောင်းနဲ့ KIA၊ PDF ဘက်က ၅ဦးကျဆုံးကြောင်း ဖော်ပြထားပါတယ်။ သြဂုတ်လ ၇ရက်နေ့ကလည်း တာမခန်နဲ့ နမ့်မှော်အကြားက ကသိုဏ်းတောင်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG