သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ စစ်ကောင်စီ ဝိုင်းမော်မှာ တိုက်ပွဲပြင်းထန်


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရုံးစိုက်ရာ လိုင်ဇာမြို့အနီး စစ်စခန်းတခုမှာတွေ့ရတဲ့ KIA စစ်သားတဦး (အောက်တိုဘာ ၃၁၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရုံးစိုက်ရာ လိုင်ဇာမြို့အနီး စစ်စခန်းတခုမှာတွေ့ရတဲ့ KIA စစ်သားတဦး (အောက်တိုဘာ ၃၁၊ ၂၀၁၃)

ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်က ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီကနေ့ လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဂါရာယန်အနီးမှာ ခုလို ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေသလို မိုးမောက်မြို့နယ် မဒီးယန်ဘက်မှာလည်း ဒီကနေ့ လေကြောင်းက ဗုံးကြဲတာရှိတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ KIA ဌာနချုပ် လိုင်ဇာဒေသအနီးက စစ်ရေးအခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ရေးတင်းမာနေတာ ၂ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က လိုင်ဇာဘက်ကို မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်ကနေ စစ်အင်အားတွေ ဖြည့်တင်းလာနေတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“တိုက်ပွဲအဆင့်တော့ ဘယ်လောက်လဲတော့ မသိဘူး။ လေယာဉ်နဲ့ ဂါးရာယန်တဝိုက်မှာ ပစ်တယ်လို့တော့ ပြောတယ်။ ဂါးရာယန် ဒဘတ်ချောင်း ဒီဘက် ခြမ်းပေါ့။ အဲဒီမှာ လေယာဉ်က ပြန်ကွေ့လိုက်၊ ပြန်ဝဲလိုက်နဲ့ ဆက်တိုက်ပစ်တယ်လို့ ပြောကြတယ်။ ဟို ဆမားလမ်းခွဲလေ အဲဒီ တကြောဘက်မှာလို့ ပြောကြတယ်။ ဒီမနက် ၉ နာရီ ၁၀ နာရီ အဲလောက် ဝန်းကျင်၊ ၂ ကြိမ်လာတယ်လို့ ပြောတယ်။ ”
မနေ့ကလည်း ဂါးရာယန်အနီးက ကဇူး နဲ့ ဒဘတ်ယန်ရွာဘက်မှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ် အပြင် မိုးမောက်မြို့နယ်ဘက်မှာလည်း လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ ကဇူး၊ ဒဘတ် ဘက်မှာ လေယာဉ်နဲ့ လာပစ်တယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ တိုက်ပွဲလည်း ဖြစ်တယ်လို့ ကြားပါတယ်။ မနေ့ကလည်း အဲဒီနေရာဘက်မှာ ဖြစ်တာ။ ခု ၂ ရက် ဆက်တိုက်ဖြစ်နေပြီ အဲဒီဘက်မှာ။ ဒီနေ့ကတော့ မဒီးယန်၊ အောင်ဂျာဘက်မှာကတော့ လေကြောင်းနဲ့ လာပစ်တယ်ဆိုတဲ့၊ ဗုံးလာကြဲတယ်ဆိုတဲ့ သတင်းလည်း တက်တော့ တက်နေပါတယ်။ ဒီနမ့်ဆန်ယန်နားမှာပေါ့။ ၃ ကြိမ်လာပြီးမှ လာကြဲတယ်လို့ ကြားပါတယ်။”

မဒီးယန်နဲ့ အောင်ဂျာဟာ မိုးမောက်မြို့နယ်အတွင်းမှာ တည်ရှိတာပါ။ နမ့်ဆန်ယန်ကတော့ လိုင်ဇာနဲ့ ၁၅ မိုင် အကွာလောက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ သြဂုတ်လ ၃၀ ရက်၊ မနေ့က ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုးမောက်မြို့နယ် အူထန်ယန်အနီးမှာ KIA က ကြားဖြတ် တိုက်ခဲ့သလို၊ အူထန်ယန်အနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာရှိကြောင်း ဒေသခံတွေက ပြောပေမဲ့ KIA ဘက်ကတော့ အတည်ပြုပြောဆိုတာ မရှိခဲ့ပါဘူး။

KIA ဌာနချုပ် လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး စစ်ရေးတင်းမာခဲ့တာပါ။ ဒီ ၂ လအတွင်းမှာ ဗန်းမော်-မြစ်ကြီးနား လမ်းတလျှာက် တိုက်ပွဲတွေ မကြာခနဖြစ်ခဲ့သလို လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ KIA ဘက်ကတော့ ဌာနချုပ်လိုင်ဇာအနီးကို စစ်ကောင်စီက တပ်အင်အားတွေ ဖြည့်တင်းနေတာဟာ ဗန်းမော်-မြစ်ကြီးနားလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ လောလောဆယ်မှာတော့ ဗန်းမော်-မြစ်ကြီးနားလမ်းကို ပိတ်ထားရတာ ၂လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG