သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်အနီး လူ ၈၀ ထက်မနည်း ပေါ်တာအဖြစ် စစ်ကောင်စီ ဖမ်းဆီး


Google maps မှာမြင်ရတဲ့ ဖားကန့်ဝန်းကျင်
Google maps မှာမြင်ရတဲ့ ဖားကန့်ဝန်းကျင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်ယားရွာမှာ ခေတ္တရပ်နားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လူ ၈၀ ထက်မနည်းကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင်ပြီး ဒီကနေ့ မနက်အစောပိုင်းက ဖားကန့်ဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက်အစောပိုင်း စစ်ကြောင်း မထွက်ခင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ညနေပိုင်းအထိတော့ တိုက်ပွဲဖြစ်ပွားတာ မကြားရကြောင်းလည်း ပြောကြပါတယ်။ ဖားကန့်ဒေသက နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင် က တင်ပြထားပါတယ်။

ဒီလ ၂၂ ရက်နေ့က ကာမိုင်းမြို့ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကာမိုင်းနဲ့ နမ့်ယားရွာ အကြားမှာ KIA က ကြားဖြတ်တိုက်ခိုက်တာ ခံရပြီးနောက် နမ့်ယားတပ်စခန်းမှာ ၂ ရက်ခန့် ရပ်နားနေခဲ့တာပါ။ သြဂုတ်လ ၂၄ ရက်၊ မနေ့ ကြာသပတေးနေ့ ညပိုင်းမှာတော့ နမ့်ယားရွာမှာ အထမ်းသမား ပေါ်တာတောင်းတာ မရတာကြောင့် ဒေသခံတွေ၊ ခရီးသွားတွေနဲ့ ကားသမား အပါအဝင် လူ ၈၀ လောက်ကို ဖမ်းဆီး ခေါ်ဆောင်ပြီး ဒီကနေ့ မနက်မှာ ဖားကန့်ဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ မနေ့က နမ့်ယားမှာ ပေါ်တာ ၅၀ တောင်းတော့ မရလို့ မနေ့က ရွာသားကို လိုက်ဖမ်းတော့ တားထားတဲ့ ကားပေါ်က လူတွေနဲ့ ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့ လူတွေရော အကုန်လုံးခေါ်ပြီးမှ ဒီမနက် တောကနေ ကွင်းပြီးမှ တက်တော့ တက်သွားပြီ။ မနေ့က ခေါ်ထားတာ ၈၀ လောက် ပါတယ်လို့တော့ ပြောတာပဲ။”

စစ်ကြောင်း မထွက်ခွာမီ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကြားရကြောင်းလည်း ဒီဒေသခံက ပြောပါတယ်။

“ ၃ နာရီလောက်မှာ ရေချောင်း ဟိုဘက်က ထုတာ ပျားအုံဘက်ရော။ ကွမ်ဆိုင်၊ ဂေါ်လုယန် ဘက်ရော သွားကျတယ်။ ကျတာနဲ့ ဒီ နမ့်ယားစခန်းကနေလည်း ၈ ချက်လောက် ပြန်ထုလိုက်တာ။ ဒီ လမ်းဘက်ကို။”

နောက်ထပ် ဒေသခံတဦးကတော့ လူ ၁၀၀ လောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

“ ပေါ်တာ ဆွဲတာကတော့ မနေ့က ၈ နာရီခွဲ ကတည်းကနေ သူတို့က နေရာတကာ လိုက်ဆွဲတာ။ ဘွမ်ကထောင်း ဆိုတာရှိတယ်။ နမ့်ယားအောက်က ရွာ။ အဲဒီရွာမှာက နမ့်ယားက စစ်ရှောင်ဝင်းထဲက ပြန်ဆွဲတာသူတို့က။ ကားသမားတွေရော၊ အဲဒီမှာ ကားတွေအများကြီး ပိတ်မိနေတာလေ။ အဲဒါနဲ့ ကားသမားတွေရော၊ ခရီးသည်တွေရော၊ အမျိုးသားတွေပဲ ဆွဲသွားတာ။ ၁၀၀ ကျော်လို့တော့ ပြောနေကြတယ်။ အခုက တောလမ်းကနေ သွားတာတဲ့။ အခုက ကွမ်ဆိုင်ဇွပ်နောက်ကျောမှာ ရောက်တယ်တဲ့။ လက်ရှိအချိန်ထိတော့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ ခနနေ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ”

ဒီကနေ့ မနက်ပိုင်းမှာ ဖားကန့်- ကားမိုင်းလမ်းကို ပြန်ဖွင့်ခဲ့တာကြောင့် ကားအချို့ ဖားကန့်ဘက် တက်လာတာရှိကြောင်း၊ ဒါပေမဲ့ စစ်ကြောင်း ရှိနေတာကြောင့် သွားလာတာ သိပ်မရှိကြောင်းလည်း ပြောပါတယ်။ ၂၂ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားတဲ့နောက်မှာ စစ်ကောင်စီတပ်က နမ့်ယားဂိတ်ကို ပိတ်ခဲ့သလို၊ နောက်တရက်မှာ KIA က နမ့်ယား အထက်နဲ့ အောက်ကို ပိတ်လိုက်တာကြောင့် နမ့်ယားမှာ ကားတွေ ရာချီ ပိတ်မိနေခဲ့ပါတယ်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ KHRW ကတော့ − ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ နမ့်ယားကျေးရွာက ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးကို ထပ်မံ ချိုးဖောက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုသလို၊ စစ်ကာင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တိုက်တွန်းထားပါတယ်။

ဒီနှစ် ဧပြီလ ၁၈ ရက်နေ့ကလည်း ဆိုင်းဖရာ ရွာက ဒေသခံ ၅၀ လောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့အတူ အတင်းအကျပ် ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ကြောင်းကို KIA က ဂေါ်လူယန်ရွာအနီး ကြားဖြတ် တိုက်ခိုက်ရာမှာ တိုက်ပွဲအတွင်း အရပ်သား ၆ ဦး ထိမှန်ပြီး ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG