သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေစာပုံပြိုကျမှုမှာ သေဆုံးသူအလောင်း ၃၀ ကျော် ရှာဖွေတွေ့ရှိ


ဖားကန့်မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးတွေ့ရှိထား (သြဂုတ် ၁၆၊ ၂၀၂၃)
ဖားကန့်မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးတွေ့ရှိထား (သြဂုတ် ၁၆၊ ၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က "မန"မှော်မှာ မြေပြိုပြီး ရေလှိုင်းရိုက်တာကြောင့် ပျောက်ဆုံးနေတဲ့ သူတွေကို ဒီကနေ့ ဆက်လက်ရှာဖွေရာမှာ နောက်ထပ် အလောင်း ၈ လောင်း ထပ်မံ တွေ့ရှိပါတယ်။ ပျောက်ဆုံးစာရင်း ပေးသွင်းထားတာ ၃၆ ဦး ရှိပြီး လောလောဆယ်မှာတော့ ၃၃ လောင်းရှာဖွေ တွေ့ရှိထားတာ ဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဖားကန့်ဒေသ နောက်ဆုံးအခြေအနေကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် အေးမြသာယာ ကျေးရွာအုပ်စုက မန မှော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေ ၃နာရီခန့်က မြေစာပုံပြိုကျပြီး ရေလှိုင်းရိုက်တာကြောင့် လူ ၄၀ ခန့်ဟာ ကျင်းဟောင်း ရေကန်အတွင်း မျောပါ ပျောက်ဆုံးခဲ့တာပါ။ အင်္ဂါနေ့ကတော့ သေဆုံးသူတွေရဲ့ အလောင်း ၂၅ လောင်းကို ရှာဖွေတွေ့ရှိပြီး ဒီကနေ့မှာ ၈ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဒီနေ့က နောက်ထပ် အလောင်း ၈ လောင်း ထပ်တွေ့တယ်။ မနေ့တုန်းက ၂၅ လောင်းနဲ့ ပေါင်းလိုက်ရင် ၃၃ လောင်းရှိပြီ။ ဒီနေ့ထိ တွေ့ထားတာပေါ့နော်။ နောက်ထပ် ဆက်ရှာနေသေးတယ်။ လောလောဆယ်တော့ ဖားကန့်တမြို့လုံးက လူမှုကယ်ဆယ်ရေး အသင်းတွေပေါ့နော်။ ၃ ရက် ဆက်တိုက် ရှိပြီ။ သူတို့ ကြိုးစားပြီး ရှာဖွေရေး လုပ်နေကြတာပေါ့နော်။ လောလောဆယ်တော့ ၃၃ လောင်းတော့ တွေ့ထားပြီပေါ့။ တချို့ အလောင်းမတွေ့သေးတဲ့ အလောင်းပိုင်ရှင်တွေလည်း လာစောင့်နေတာတွေ ရှိတယ်ပေါ့နော်။”

ဖားကန့်မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးတွေ့ရှိထား (သြဂုတ် ၁၆၊ ၂၀၂၃)
ဖားကန့်မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးတွေ့ရှိထား (သြဂုတ် ၁၆၊ ၂၀၂၃)

အလားတူ ဖားကန့်မြို့က ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တဦးကလည်း ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတဲ့ အခြေအနေကို ခုလို ပြောပြပါတယ်။

“ မနေ့က ၂၅ လောင်း။ ဒီနေ့က ၈ လောင်း ဆိုတော့ ၃၃ လောင်းပေါ့။ ၂ နာရီလောက်ကတည်းက ၈လောင်းမြောက် တွေ့ပြီ။ အခုတော့ ထပ် ပေါ်လာခြင်းမရှိဘူး။ ကျနော်တို့ စောင့်နေတုန်းပဲ။ ပျောက်တဲ့ စာရင်းကတော့ ၃၆ ဦးပေါ့။”

၃၆ ဦးကတော့ ပျောက်ဆုံးကြောင်း သတင်းပို့ထားတဲ့ စာရင်းသာဖြစ်ပြီး စာရင်းပေးသွင်းသူ မရှိဘဲ ပျောက်ဆုံး နေသူတွေလည်း ရှိနေတာကြောင့် ပျောက်ဆုံးဦးရေ စုစုပေါင်းက ၄၀ ကျော်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွေမှာ မြေပြိုတာကြောင့် သေဆုံးတာတွေဟာ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလကနေ ဒီကနေ့အထိ အနည်းဆုံး ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စာရင်းကောက်ယူရရှိတဲ့ သေဆုံးသူ စုစုပေါင်းဟာ ၇၉၀ ကျော် ရှိပြီဖြစ်ပါတယ်။ အဆိုးရွားဆုံး မြေပြိုမှုကတော့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ဖြစ်ပွားတဲ့ ဝှေခါမှော် ပြိုကျမှုပါ။ ဒီဖြစ်စဉ်မှာ သေဆုံးသူ ၁၇၂ ဦး ရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးသူ ၁၉ ဦး ရှိခဲ့ပါတယ်။

ဖားကန့်ဒေသမှာ အခုလို လူတွေသေဆုံးရတာဟာ အစိုးရအဆက်ဆက်သာမက ကချင်လက်နက်ကိုင်အဖွဲ့ နဲ့ ကုမ္ပဏီကြီးတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ကျောက်စိမ်းတူးဖော်တာကြောင့် ဖြစ်ကြောင်း ကချင်လူထုအခြေပြုအဖွဲ့ ၁၆ ဖွဲ့ ပါဝင်တဲ့ Kachin National Forum က ထောက်ပြထားပါတယ်။ ဒီလို အဖြစ်ဆိုးတွေ ထပ်မံ မကြုံတွေ့စေဖို့အတွက် ကျောက်စိမ်းတူးဖော်တာနဲ့ စီမံခန့်ခွဲတာကို စနစ်တကျလုပ်ဆောင်ဖို့ လိုကြောင်းလည်း Kachin National Forum က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG