သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် KIO ရုံး တိုက်ခိုက်ခံရ၊ အနည်းဆုံး ၃ ဦးသေ


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အတွင်းတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အတွင်းတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ (အောက်တိုဘာ ၂၈၊ ၂၀၁၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူ (ဆိုင်းတောင်) ရပ်ကွက် ၃ မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်လို့ သေဆုံးသူတချို့ ရှိခဲ့ပြီး၊ ရုံးကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ရပ်ကွက် ၃ မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို ဇွန်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ဆိပ်မူဒေသခံတဦးက ပြောပါတယ်။

"သူတို့က အင်အားအလုံးအရင်းနဲ့ ဝင်စီးတယ်လို့တော့ ကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မသိလိုက်ဘူး။ သေတာတော့ ၃ ယောက်သေသွားတယ်လို့ ကြားပါတယ်။ မီးရှို့တာကတော့ ရုံးကိုမီးရှို့သွားတယ်။ လက်နက်ကြီးသံကတော့ မကြားဘူး။ လက်နက်ငယ်နဲ့ ပစ်သံတွေတော့ ကြားတယ်။"

တိုက်နယ်ရုံးထဲမှာ ရှိနေသူတွေနဲ့ အနီးဝန်းကျင်က တချို့သူတွေကိုပါ စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ပစ်ခတ်၊ ဖမ်းဆီးပြီး ပြန်ထွက်ချိန်မှာ ရုံးကိုမီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ညဘက်အချိန်တွေ အပြင်မထွက်ကြဖို့ အချင်းချင်း သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

"သူတို့ (စကစ) တော့ မပြောဘူးပေါ့။ ပတ်ဝန်းကျင်ကတော့ ညဘက်မသွားမလာဖို့၊ သတိထားဖို့တော့ အကြောင်းကြားတာရှိတယ်။ ညဘက် သိပ်မထွက်ကြဖို့လေ။ အဲလိုလေးတော့ သတိပေးထားတာတော့ ရှိတာပေါ့နော်။ မနေ့ညကတော့ အေးအေးဆေးဆေးပါပဲ၊ ဘာမှမဖြစ်ပါဘူး။"

သေဆုံးသူတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာနဲ့ လုံးခင်းကျေးရွာမှာ စစ်ကောင်စီအဖွဲ့တွေ ပုံမှန်လှည့်ပတ် သွားလာတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒေသခံတွေကတော့ ပုံမှန်အချိန် အပြင်ထွက်တဲ့အခါ သတိနဲ့သွားလာ နေရသလို၊ ညနောက်ကျချိန်တွေမှာလည်း အသွားအလာ သိပ်မလုပ်ဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG