ကယား ခေါ် ကရင်နီပြည်နယ်က နိုင်ငံရေးအင်အားစုတွေက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းလိုက်တဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေက ကြိုဆိုခဲ့သလို ဒါဟာ နိုင်ငံရေးအရ ခြေလှမ်းတဆင့်တိုးလာမှုအဖြစ် ရှုမြင်ကြပါတယ်။ ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်ကိုတော့ စောင့်ကြည့်ဖို့ လိုအပ်မှာဖြစ်ကြောင်းလည်း သုံးသပ်ကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တနင်္လာနေ့က တရားဝင်ဖွဲ့စည်းကြောင်း ကြေညာလိုက်တာပါ။ အသစ်ဖွဲ့စည်းတဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ ကြားကာလ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကဏ္ဍတွေကို အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်တည်ငြိမ်အေးချမ်းဖို့၊ ပြည်နယ်အတွင်းရှိ အင်အားစုတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောာင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီလို ဖွဲ့စည်းလိုက်တဲ့အပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက နိုင်ငံရေးအရ ခြေတလှမ်း တက်လာတာဖြစ်တယ်လို့ မြင်ကြောင်း ပြောပါတယ်။
“သူတို့က Interim Executive ဆိုပြီးတော့ ကြားဖြတ်အစိုးရသဘော ခပ်ဆင်ဆင်ပေ့ါဗျာ။ အဲဒါက နိုင်ငံရေးအရ ခြေလှမ်းတိုးတဲ့ဟာပါ။ အခုဟာတော့ စစ်ရေးအရ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ခြေတလှမ်း တိုးကြည့်တာပေါ့ဗျာ။ အဲဒီသဘောနဲ့ တူပါတယ်။”
လောလောဆည်မှာတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ တိတိကျကျ ဖော်ပြထားတာမတွေ့ရသေးတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အပေါ် စောင့်ကြည့်ရမှာဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။
“နိုင်ငံရေးအရ အဆင့်တိုးတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ယှဉ်ပြိုင်သလား၊ သို့တည်းမဟုတ် အချုပ်အခြာအာဏာရဲ့ အစိတ်အပိုင်းအချို့ကို ခွဲယူမလားပေါ့လေ။ အဲဒီသဘောတော့ ရှိတယ်။ နောက်ပြီးတော့ ဒီ နိုင်ငံရေးအဆင့် တိုးတာကလည်း ဗမာပြည်မှာ လက်ရှိ စစ်ကောင်စီအစိုးရနဲ့ NUG အစိုးရဆိုပြီးတော့ အစိုးရ ၂ ရပ် ရင်ဆိုင်နေကြတာ။ အဲဒီ အစိုးရ ၂ရပ်နဲ့ ဆက်နွယ်ပတ်သက်မှု ဘယ်လို ရှိလဲ ဆိုတာလည်း မရှင်းသေးဘူးဗျ။ သီးခြားဖြစ်သလား။ အစိုးရ ၂ ရပ်အနက် တရပ်ရပ်နဲ့ ချိတ်သလားဆိုတာလည်း မရှင်းသေးတော့ ခနတော့ ကြည့်ရအုံးမယ်ဗျ။ သူတို့ရဲ့ ဖွဲ့စည်းပုံနဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက မပါသေးတော့ ချဉ်းကပ်မှုရဲ့ သဘောကိုတော့ ကျနော်တို့ နည်းနည်း စောင့်ကြည့်ရမယ်။ ”
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ ပြည်တွင်း ပြည်ပအင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ့်အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ အတူလက်တွဲသွားမယ် လို့လည်း ကြေညာထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက လက်ရှိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ ကချင်တိုင်းရင်းသားတွေရဲ့ KPICT (Kachin Political Interim Coordination Team) ရဲ့ ဖွဲ့စည်းတာနဲ့ တူညီမှုရှိကြောင်း သူ့အမြင်ကို ပြောပါတယ်။
“KIO ကတော့ အရင်က ဖွဲ့စည်းထားတဲ့ KPICT လေ၊ KPICT ကတော့ အဲဒီပုံစံဖြစ်နေတာ။ အသွင်ဏ္ဍာန်က နည်းနည်း တူသလို ဖြစ်နေတာ KPICT။ KIO အနေနဲ့တော့ NUG နဲ့ တိုက်ရိုက် ဆက်သွယ်ပြီးမှ လုပ်ငန်းတွေ ဆောင်ရွက်တာ မရှိဘူး။ အဲဒီ KPICT ကနေ တဆင့်ပေါ့။ လိုအပ်တဲ့ဟာတွေကတော့ KPICT ကပဲ ကိုယ်စားပြု ပြီးမှ ဒီ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ဆောင်ရွက်တာ ရှိပါတယ်။”
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက တစုံတရာ ထုတ်ပြန်တာမရှိတာကြောင့် KIO ရဲ့ သဘောထားကိုတော့ ပြောဆိုတာ မရှိပါဘူး။
KPICT (Kachin Political Interim Coordination Team) ကို ပြည်တွင်း၊ ပြည်ပရှိ ကချင်အဖွဲ့အစည်းတွေ စုပေါင်းပြီး ၂၀၂၁ခုနှစ် မတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဖေသန်းကလည်း သူ့အမြင်ကို အခုလို ပြောဆိုထားပါတယ်။
“စစ်ကောင်စီက တဖြည်းဖြည်း နယ်မြေတွေကို မထိန်းနိုင်တော့ဘူးဆိုရင် ကိုယ့်ဒေသနဲ့ကိုယ် အဲလို ကြားဖြတ်အစိုးရပုံစံမျိုးဆန်ဆန် လုပ်ကြရတော့မှာပေါ့။ အစိုးရယန္တရား ပျက်သွားတဲ့အချိန်မှာ ဒီလို ဒေသန္တရအဖွဲ့တွေ ရှိလာတာ ကျနော်တို့ ကောင်းပါတယ်။ နို့မိုရင်တော့ ခိုးဆိုးလုယက်မှုတွေ၊ ဒုစရိုက်မှုတွေ ပိုပြီးတော့ များလာနိုင်တယ်ပေါ့။ ကြားကာလမှာ။ ဆိုတော့ ဒါမျိုးတွေလုပ်တာတော့ ကောင်းတယ်။ ဒါပေမဲ့ တချိန်ချိန်မှာတော့ အပေးအယူရှိရှိနဲ့ တစ်ဖွဲ့တည်းဖြစ်အောင် ကြိုးစားဖို့တော့ လိုမှာပေါ့နော်။”
အပေးအယူရှိရှိနဲ့ တစ်ဖွဲ့တည်းဖြစ်အောင် ကြိုးစားဖို့ဆိုတာကတော့ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုရင် ပြည်နယ်အလိုက် ၊ တိုင်းအလိုက် ဖွဲ့စည်းတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဗဟိုမှာ တဖွဲ့တည်းအဖြစ် ပြန်လည်စုစည်းနိုင်ဖို့ကို ဆိုလိုကြောင်း ပြောပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ စစ်တပ်အာဏာသိမ်းယူပြီးနောက် ပထမဦးဆုံးဖွဲ့စည်း ခဲ့တဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်းကြေညာတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အခြား ချင်းပြည်နယ် ကရင်ပြည်နယ်တို့မှာလည်း ဒီလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး ပြင်ဆင်တာတွေ ရှိနေကြောင်း ထည့်သွင်း ပြောဆိုထားပါတယ်။