သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် တိုက်ခိုက်မှုအတွင်း အရပ်သားအချို့ ထိခိုက်သေဆုံး


ဖားကန့်မြို့ (ဓာတ်ပုံ - Zaw Moe Htet) (ယခင်ပုံဟောင်း)
ဖားကန့်မြို့ (ဓာတ်ပုံ - Zaw Moe Htet) (ယခင်ပုံဟောင်း)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆိုင်းဖရာရွာမှ ရွာသူ၊ ရွာသား ၅၀လောက်ကို စစ်ကြောင်းနဲ့ အတူခေါ်ဆောင်လာစဉ်မှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေး တစ်ဦးသေဆုံးပြီး အနည်းဆုံး ၅ ဦးလောက်က ဒဏ်ရာရခဲ့ပါတယ်။ လောလောဆည်မှာတော့ ခေါ်ဆောင်သွားတဲ့ ရွာသားတွေကို တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ် နန့်ယားရွာကနေ ဖားကန့်မြို့ဘက်ကို စစ်ကြောင်းသွားစဉ်မှာ ဆိုင်းဖရာရွာက ဒေသခံတွေကို စစ်ကြောင်းနဲ့ အတူ ခေါ်ဆောင်ခဲ့တာပါ။ ဒီနေ့မနက် ၈နာရီလောက်မှာ ဆိုင်းဖရာရွာအတွင်းဝင်ပြီး ရွာသူ၊ ရွာသားတွေကို စစ်ကောင်စီတပ်က အတင်းအကျပ် ခေါ်ဆောင်ခဲ့တာလို့ ဖားကန့် ဒေသခံတစ်ဦး VOA ကို ပြောပါတယ်။

“ ဒီမနက် ၄ နာရီကတည်းကနေ သူတို့က နန့်ယားက ထွက်ခဲ့တာ။ အဲဒါ ဆိုင်းဖရာမှာ ရှိသမျှလူ အကုန်ကျုံးပြီးတော့မှ ဖမ်းတာဟုတ်တယ်။ ဒီမနက် ၈နာရီခွဲမှာ သူက ကားနဲ့ တက်ခဲ့တာ။ အဲဒီကားထဲမှာ အမျိုးသမီးတွေရော၊ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော အစုံပေါ့။ လူသားဒိုင်းနဲ့တက်လာတာ။ အဲဒါနဲ့ ဒီ ပျားအုံ အကျော်မှာပေါ့။ ဒီဘက်ကနဲ့ တိုက်ပွဲဖြစ်တာ။ ကားထဲမှာ အလုံပိတ်ဆိုတော့ ၊ သူတို့က မိုးကာအုပ်ပြီး တက်လာတာဆိုတော့ ဒီဘက်ကလည်း ပြည်သူမပါဘူး ထင်ပြီးမှ အဲလိုမျိုးတိုက်ပွဲဖြစ်တာပေါ့။ ”

ပျားအုံရွာအနီး တိုက်ပွဲဖြစ်ပွားချိန်မှာ ဆိုင်းဖရာရွာက ပြည်သူတွေ ထိခိုက်သေဆုံးတာ ရှိခဲ့ကြောင်း ဆက်ပြောပါတယ်။

“ ထိခိုက်ဒဏ်ရာရတာ မိန်းကလေး ၅ယောက်။ အားလုံးက ခေါင်းထဲမှာပဲ ထိကြတာတဲ့။ တချို့က ဒဏ်ရာပြင်းထန်တာပေါ့နော။ တစ်ယောက်ကတော့ ဆုံးသွားပြီလို့ ပြောတယ်။ သေဆုံးကြောင်းကတော့ တစ်ယောက်တော့ အတည်ပြုလို့ ရပြီ၊။ ဆိုင်းဖရာကပဲ။ ”

အခြားဒေသခံတစ်ဦးကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ ဆိုင်းဖရာမှာ ပြည်သူလူထုတွေကို အကုန်လုံး အိမ်တိုင်း အိမ်တိုင်း တံခါးတွေဖွင့်ပြီးမှ လူတွေကို ခေါ်သွားတာ။ မိန်းကလေးတွေရော၊ မိန်းမတွေရော၊ ယောက်ျားတွေရော ၅၀ ကျော်လောက် ခေါ်ဆောင်သွားတာပေါ့။ ၁၀ ဘီးကား တစ်စီးနဲ့ ပြည်သူလူထုတွေကို ကာဗာလုပ်ပြီးမှ အဲလို ထွက်သွားတဲ့အချိန်မှာ ပျားအုံရွာနားမှာပေါ့နော်။ အဲဒီမှာ ဘယ်အဖွဲ့အစည်းမှန်း မသိတတ်ဘူး။ ပစ်တာပေါ့။ ပထမကားလွတ်သွားတာ။ နောက်ကား လက်နက်ကြီး ကျည်ဆံကျလို့ ဆိုင်းမိုင်ဆိုတဲ့မိန်းကလေးက သေသွားပြီ။ ဒဏ်ရာရတာတော့ ၈ ယောက်လောက်ပေါ့ ဒဏ်ရာရတာ။ မိန်းကလေးတွေ၊ မိန်းမတွေချည်းပဲ ပြောတယ်။”

ဖမ်းဆီးခေါ်ဆောင်သွားသူတွေကိုတော့ တိုက်ပွဲဖြစ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ပြန်လွှတ်ပြီ နန့်တိန်ရောက်ရင် ပြန်လွှတ်ပြီ။ အလောင်းကော၊ ဒဏ်ရာရှိတဲ့လူကော၊ သူတို့ ခေါ်ဆောင်သွားတဲ့ လူတွေရော သူတို့က နန့်တိန်စခန်းရောက်မှ အဆင်းကားနဲ့ ပြန်လွှတ်ပေးတာပေါ့နော။ ”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဖားကန့်မြို့နယ်အတွင်းမှာ ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“ ဒီမနက်ကတော့ ဖားကန့်၊ နန့်ယားဒေသမှာပေါ့။ ဒီ စကစတွေက စစ်ကြောင်း လှုပ်ရှားလာလို့ ကျနော်တို့ KIA ဘက်ကနဲ့ မိုင်း ခွဲ တိုက်ခိုက်တဲ့အခြေအနေ တစ်ခုရှိပါတယ်။ ”

အရပ်သားတွေ ထိခိုက်တဲ့သတင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ အဲဒါ ကျနော်လည်း Social Media မှာတော့ ဖတ်ရပါတယ်။ ဒါပေမဲ့ Confirm ကတော့ မဖြစ်သေးပါဘူး။ မဟုတ်ဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျနော်ကတော့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီကိစ္စကတော့။ ”

ဖားကန့်ဒေသက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။လောလောဆည်မှာတော့ ကပ်မှော်ဇွပ်နဲ့ ဆိုင်းဖရာရွာက ရွာသူ၊ရွာသားတွေဟာ စိုးရိမ်ထိတ်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG