ကချင်ပြည်နယ် ဖားကန့်မြို့ကို စက်သုံးဆီနဲ့ ဆန်တင်သွင်းတာကို ကန့်သတ်ပိတ်ပင်ထားတာကြောင့် ဈေးနှုန်းတွေ မြင့်တက်လာသလို့ ဝယ်ယူဖို့ပါခက်ခဲလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆန်ဈေးတွေ မြင့်တက်လာတဲ့အခြေအနေကြောင့် အခြေခံပြည်သူတွေ ပိုမိုကျပ်တည်းလာကြောင်းလည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ဆက်ပေးပါမယ်။
ဖားကန့်မြို့မှာ အခုလို စက်သုံးဆီနဲ့ ဆန် တင်သွင်းတာကို ပိတ်ပင်ကန့်သတ်လာတာ အနည်းဆုံး တစ်ပတ်ကျော်လောက်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိ စစ်ဆေးပြီး တားဆီးနေတဲ့နေရာဟာ ဖားကန့် -ကားမိုင်းလမ်းက နမ့်ယားဂိတ်မှာဖြစ်တယ်လို့ နမ့်ယားဒေသခံ တစ်ဦးက ပြောပါတယ်။
“ နမ့်ယား။ သူတို့အဲမှာ စစ်ဆေးပြီးမှ ဆီနဲ့ ဆန်တွေပေါ့နော်။ အဲဒါ အဓိကပေါ့။ ဒီမှာက တစ်ဂါလံ ၂သောင်းလောက်ရှိနေပြီ အခုက ။ ဆန်ကတော့ တစ်သိန်းကျော်မှာပေါ့။ အခုဆို ဒီမှာ နဂိုကတည်းက လှောင်ထားတာ မျှစားတာပေါ့။ ”
လမ်းတလျှောက် အနည်းဆုံး ၃နေရာလောက်ကနေ တားဆီးပိတ်ပင်နေတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ အဲဒီ နမ့်ယားဂိတ်ကရယ်။ ပြီးလိုရင် ဖားကန့်ကို တက်လာတဲ့ မရန်ကထောင်ဂိတ်ပေါ့။ အဲဒီကရယ်။ ပြီးလို့ရှိရင်တော့ မြစ်ကြီးနားကနေ တက်ရင် ၂၁မိုင်ဂိတ်ပေါ့။ အဲဒီမှာကတော့ စက်သုံးဆီသာမကဘူး။ ကျမတို့ ဆန်ရောပေါ့။ ဆန်ရောလုံး၀ မသွင်းခိုင်းဘူးပေါ့။”
ဒီလိုတင်သွင်းခွင့် ပိတ်လိုက်တာကြောင့် ဆန်နဲ့ စက်သုံးဆီဈေးတွေ မြင်တက်လာသလို တချို့မိသားစုတွေမှာ အကျပ်အတည်းရှိလာနေတယ်လို့လည်း ဆက်ပြောပါတယ်။
“ အခု ဒီမှာ ဖားကန့်မှာဆိုရင် ဆန်ဆိုရင်လည်း တစ်သိန်းဖြစ်နေပြီ။ ဆန်ကြမ်းနော် ဆန်ကြမ်း။ ရိုးရိုးဆန်ကြမ်း။ အဲဒါ တစ်သိန်းပေါက်နေပြီ။ ဓါတ်ဆီဆို ဟို တစ်လီတာမဟုတ်ဘဲနဲ့ ပုလင်းလေ အဲဒီ တစ်ပုလင်းဆို ၈၀၀၀- ၁၀၀၀၀ ဖြစ်သွားတယ်။ အရင်ကတော့ တစ်ပုလင်းကိုဆို ၃ထောင်ပေါ့။ ဆန် ဝယ်ချင်ပေမယ့်လည်း ဆန်ဝယ်လို့ မရဘူး။ အဲဒီအခါကျတော့ မိသားစုတစ်ခုမှာ တစ်ရက်ကို ၃ နပ်စားရင် ၂ နပ်စားကြပေါ့။ အတတ်နိုင်ဆုံးတော့ ခြွေတာတာပေါ့။ ခြွေတာတဲ့အနေအထားရှိတယ်။ ”
ဆိုင်းတောင်ရွာက ဒေသခံတစ်ဦးကလည်း လက်ရှိစက်သုံးဆီနဲ့ ဆန်ဈေးအခြေအနေကို အခုလို ပြောပါတယ်။
“ ဟိုတလောကဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၅ရက်၊ ၆ရက်ကပေါ့နော်။ အဲဒီတုံးကဆိုရင် တစ်ဂါလံကို ၂သောင်းလောက်ရှိတယ်။ ဓါတ်ဆီ တစ်ဂါလံ ၂သောင်း။ ရှာလို့တောင်မရဘူး။ ဓါတ်ဆီက။ ဒီဇယ်လောက်ပဲရတယ်။ ဒီဇယ်က ပရီမီယံတော့ အဲဒါ ဝယ်လို့ ရတယ်။ ဓါတ်ဆီက ဝယ်လို့တောင်မရဘူး။ ဆိုင်တိုင်းပိတ်ထားတာ။ နောက် ဆန်က တစ်အိတ်ကို တစ်သိန်းကို နည်းနည်းကျော်သွားတယ်ထင်တယ်။ ခါတိုင်းက ၆သောင်း၊ ၇သောင်း။ အခုက တစ်သိန်းနည်းနည်းကျော်သွားတာ။ ”
ဒေသခံတွေကတော့ ဘာကြောင့် ပိတ်တယ်ဆိုတာ မသိကြောင်း ပြောဆိုပြီး ဒေသတွင်းသတင်းမီဒီယာတွေမှာကတော့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး အမိန့်နဲ့ ပိတ်တာဖြစ်ကြောင်း ဖော်ပြပါတယ်။
ဖားကန့်မြို့က မြို့မိမြို့ဖတစ်ဦးကတော့ ဖားကန့်မှာဖြစ်ပေါ်နေတဲ့အခြေအနေအပေါ် အခုလို ပြောဆိုပါတယ်။
“ အခြေအနေကတော့ သိပ်မကောင်းဘူး။ ကျနော်တို့ ဖားကန့်ကလေ။ စီးပွားရေးရော။ ဟို ပစ်တာ ခတ်တာတွေလည်း ရှိတယ်လေ။ တစ်နေ့ကတင်ဖြစ်သွားသေးတယ်။ ဆိုင်းတောင်ရဲစခန်းကို လာပစ်သွားသေးတယ်။ နောက် လူသတ်မှုတွေလည်း မကြာခန ဖြစ်တယ်။ အခု လည်း ဖြစ်နေတယ်လု့ိကြားတာပဲ ဖားကန့်မှာ။ ”
ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို မကြာခန ပစ်ခတ်တိုက်ခိုက်တာတွေ ရှိသလို လက်သည်မပေါ်တဲ့ သတ်ဖြတ်မှုတွေလည်း မကြာခန ဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ဖားကန့်မြို့ကို စက်သုံးဆီနဲ့ ဆန်တင်သွင်းတာတွေကို ပိတ်ပင်ခဲ့တာကြောင့် စက်သုံးဆီပြတ်လပ်တာတွေ ရှိခဲ့သလို ဆန်ဈေးတွေလည်းမြင့်တက်ခဲ့ဖူးပါတယ်။
{Unicode}