ကချင်ပြည်နယ် ရွှေကူမြို့နယ် အထက်ပိုင်း ဇင်းဘုံ ကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တဘက်မှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ ရွှေကူ ကနေ ဗန်းမော်ဘက်ကို ဆန်တက်သွားတဲ့ စစ်ကောင်စီ ထောက်ပို့သင်္ဘောတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗုဒ္ဓဟူးနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွှေကူမြို့ ရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲ ပြင်းထန်လာနေတဲ့ ရွှေကူမြို့နယ်က အခြေအနေကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
ရွှေကူမြို့မှာ ဆိုက်ကပ် ရပ်နားခဲ့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ စစ်သင်္ဘောတွေဟာ ဒီလ ၁၆ ရက်နေ့က ဗန်းမော်မြို့ကို စတင် ထွက်ခွာလာခဲ့ပြီးတဲ့နောက် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပါတယ်။ ရွှေကူမြို့နယ် အထက်ပိုင်းက ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြား မနေ့ညနေ ကနေ ဒီနေ့မနက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ ဒုတိယမြစ်ကျဉ်းထဲမှာပဲပေါ့။ သူတို့ ကျော်သွားတဲ့ အောက် ကြက်တူရွေးနုတ်သီး အထက်နားလေးက ဇင်းဘုံဆိုတဲ့ ရွာမှာ မနေ့ညကနေ တိုက်ပွဲဖြစ်တယ်။ ခုမနက်ထိ ဖြစ်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ဇင်းဘုံရွာကိုလည်း သူတို့ မီးတွေနဲ့ ရှို့နေတယ်လို့ ကြားရတယ်ပေါ့လေ။”
ဗန်းမော်ဘက် ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးပေးဖို့ အတွက် အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဇင်းဘုံရွာကို ဒီလ ၁၁ ရက်နေ့ ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၁၆ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲ စတင်ခဲ့တာဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ၉ ဦး ကျဆုံးပြီး ဒီကနေ့ မနက်အစောပိုင်းမှာ ဇင်းဘုံရွာကို မီးရှို့ခဲ့တာဖြစ်ကြောင်း ကချင်သတင်းဌာန KNG က ဖော်ပြပါတယ်။
ဒီလ ၁၆ ရက်နေ့ မနက်ပိုင်း ရွှေကူမြို့က ထွက်ခွာလာတဲ့ စစ်ကောင်စီ ထောက်ပို့ သင်္ဘောတွေကို ဒုတိယမြစ်ကျဉ်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သင်္ဘော ၂ စီး ထိမှန်ခဲ့ကြောင်း မြို့လှ PDF အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ စစ်သင်္ဘော ၉ စီးဟာ ဗန်းမော်မြို့နယ် စင်းခန်းရွာကို ၁၆ ရက်နေ့ ညနေပိုင်းမှာ ရောက်ရှိလာပြီး KIA၊ PDF ပူးပေါင်းတပ်တွေက ညပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး လောလောဆည် မှာတော့ စင်းခန်းမှာပဲ ရပ်နားထားတယ်လို့ ရွှေကူဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့ ရဲစခန်းကိုလည်း ဒေသခံ PDF တွေက ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“ရွှေကူရဲစခန်းကတော့ မနေ့က ၁၆ ရက်နေ့ကပေါ့လေ။ သင်္ဘောတွေ ထွက်သွားပြီး သိပ်မကြာခင်မှာ ဒရုန်းနဲ့ ၂ လုံးချတယ်ပေါ့။ မနက်ပိုင်း တစ်ကြိမ်၊ နေ့လည်ပိုင်း ၁၁ နာရီ ပတ်ဝန်းကျင်၊ ၁၁ နာရီ ကျော်ကျော်လေးမှာ တစ်ကြိမ်ပေါ့နော်။ မနေ့ညက ၈ နာရီကျော်၊ ၉ နာရီ ပတ်ဝန်းကျင်ပေါ့။ အဲဒီမှာ ၂ လုံး ချသွားတယ်။ အရမ်းမြည်တာပေါ့နော်။ အဲဒီနား ပတ်ဝန်းကျင်အိမ်တွေတောင် တုန်သွားတယ်လို့ ကြားတယ်။”
ဒီဗုံးကြဲတိုက်ခိုက်မှုမှာ ရဲဝန်ထမ်း ၃ ဦးနဲ့ ရဲမြို့နယ်မှူး ဇနီး ထိခိုက်ကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက အနည်းဆုံး ၃ နေရာလောက်မှာ တိုက်ခိုက်ခဲ့တာ ရှိကြောင်း ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
“ ရွှေကူမှာ ရပ်ထားတဲ့ စစ်သင်္ဘောတွေကတော့ မနေ့က မနက်ပေါ့နော်။ ဗန်းမော်ဘက်မှာ ဆန်တက်လာတဲ့ သတင်းတွေ ကြားပါတယ်။ အဲဒီ စစ်သင်္ဘောတွေကို KIA တို့ ၊ PDF တပ်ပေါင်းစုတွေပေါ့။ သုံး−လေး နေရာမှာ ခုခံပြီးတော့မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တဲ့သတင်းတော့ ကျနော်တို့ ရရှိထားပါတယ်။ ဒါပေမဲ့ သင်္ဘောရဲ့ အခြေအနေတွေကတော့ အတိအကျတော့ မကြားရသေးပါဘူး။”
စစ်သင်္ဘောတွေဟာ စင်းခန်းမှာပဲ ရပ်နားထားကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ စစ်သင်္ဘောတွေဟာ ဇူလိုင်လ ၂၇ ရက်နေ့က မန္တလေးကနေ စတင် ထွက်ခွာခဲ့တာဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာ ရွှေကူမြို့ကို ရောက်ရှိခဲ့တာပါ။ ရွှေကူမြို့မှာ ၁၀ ရက် နီးပါး ရပ်နားခဲ့ပြီးနောက် ဒီလ ၁၆ ရက်နေ့မှာ ဗန်းမော်ဘက်ကို ပြန်လည် ထွက်ခွာတာလည်း ဖြစ်ပါတယ်။ ဒီစစ်သင်္ဘောတွေဟာ လက်ရှိ စစ်ရေး တင်းမာနေတဲ့ KIO ဌာနချုပ်လိုင်ဇာဘက်ကို စစ်ကူပို့လွှတ်တဲ့ ထောက်ပံရေး သင်္ဘောတွေ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုတာတွေလည်း ရှိနေပါတယ်။