သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA တပ်စခန်းတချို့ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက် 


၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ
၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို မကြာသေးခင်ရက်ကပဲ တိုက်ခိုက်ခဲ့တဲ့ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေကို စစ်ကောင်စီက လက်တုံ့ပြန် တိုက်ခိုက်နေတာကြောင့် ဒေသတွင်းမှာ ဆက်လက် စစ်ရေးတင်းမာနေပါတယ်။ ဖားကန့်မြို့နယ်မှာ မနေ့ညက ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ တပ်ရင်း ၆ နယ်မြေဘက်ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့သလို၊ ရွှေကူမြို့နယ်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာပါ။ စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပေးပါမယ်။

ဒီလ ၇ ရက်နေ့က ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင် တပ်စခန်းကို KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ က သိမ်းယူခဲ့တာပါ။ ဒီလ ၈ရက်နေ ကသိုဏ်းတောင်တပ်စခန်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့သလို မြေပြင်ကလည်း ပြန်လည် ထိုးစစ်ဆင်ခဲ့ပါတယ်။
၉ရက်နေ့ညပိုင်းမှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာရှိခဲ့ပြီး ဒါဟာ KIA တပ်ရင်း ၆နယ်မြေဘက်ကိုတိုက်ခိုက်တာဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ အဲဒါကတော့ ကျနော်တို့ရဲ့ တိုက်ရင်း ၆ နယ်မြေဘက်မှာ ဖြစ်ပါတယ်ခင်ဗျ။ ကသိုဏ်းတောင်ဘက်ကတော့ ဗုံးမကြဲလောက်ဘူးထင်တယ်။ ဘာလို့လည်းဆိုတော့ ဟိုနေ့ကတော့ သူတို့ပဲ ထိုင်နေတာ။ ကျနော်တို့လည်း အသေးစိတ်တော့ မကြားရဘူး။ ၈ ရက်နေ့မှာ သူတို့ လေကြောင်းနဲ့ ပြန်တိုက်တာ။”

ဒေသခံတစ်ဦးကလည်း ဖားကန့်မြို့နယ်ကအခြေအနေကို အခုလို ပြောပါတယ်။
“ ဒီနေ့တော့ ဘာမှ မထူးခြားဘူး။ မနေ့ညကတော့ လေယာဉ်ပျံလာတယ်။ ဗုံးလာကြဲသွားတယ်။ ရင်း ၆ ဧရိယာမှာ။ ၈နာရီကျော်လောက်မှာ။”

၇ ရက်နေ့က ဖြစ်တဲ့ ကသိုဏ်းတောင်တိုက်ပွဲကြောင့် ဒေသတွင်းရှိ ကျေးရွာ ၄ရွာလောက်က ဒေသခံပြည်သူ ၃၅၀၀ကျော်ဟာ မော်ရှန်နဲ့ ဆိုင်းအောင်ရွာက ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေကြရပါတယ်။

ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားရာနဲ့ အလှမ်းဝေးတဲ့ကျေးရွာအချို့က နေရပ်ပြန်တာတွေ ရှိနေကြောင်း စစ်ရှောင်တွေကို ကူညီသူ တဦးက ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းတွေအတွင်း ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနေပါတယ်။ KIA ဌာနချုပ်လိုင်ဇာအနီးမှာလည်း စစ်ရေးတင်းမာနေပြီး မြစ်ကြီးနား-ဗန်းမော်လမ်းမှာလည်း အသွားအလာတွေ ရပ်ဆိုင်းနေပါတယ်။

လိုင်ဇာအနီးစစ်ရေးတင်းမာနေချိန် မန္တလေးဘက်ကနေတက်လာတဲ့ စစ်သင်္ဘောတွေဟာ အခုအခါ ရွှေကူမြို့ကို ရောက်ရှိနေပြီး ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးတာတွေ ရှိနေတာကြောင့် ရွှေကူမြို့တစ်ဖက်ကမ်းက ကျေးရွာတွေ တိမ်းရှောင်နေရကြောင်း ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။

“ သင်္ဘောတွေ တက်လာပြီးတဲ့အခါကျတော့ ရွှေကူ သင်္ဘောဆိပ်ကမ်းမှာပဲ တန်းစီပြီး ကပ်ထားတုန်းခင်ဗျ။ ရေအရမ်းများနေတဲ့အတွက် ဆန်လို့ မရသေးဘူးပေါ့လေ။ ဒုတိယမြစ်ကျဉ်းကို ဆန်လို့ မရသေးဘူး။ ရပ်ထားတုံးဗျ။ ရွှေကူ တစ်ဖက်ကမ်းကတော့ ဟိုတလောတုံးကလိုပေါ့ဗျာ။ကြိုတင်ပြီးတော့ ပြေးရတာပေါ့။ သူတို့က တက်လာပြီဆို အဲဒီရွာတွေဘက်ကို ပစ်တာလေ။ ပစ်တဲ့အခါကျ အကုန်လုံးပြေးတယ်။ အဲဒီထဲကိုလည်း စစ်ကြောင်းတွေ ဝင်တယ်လေ။ ဆင်တပ်၊ ရေလဲ၊ မြို့သစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်းပေါ့ဗျာ။ ၅ရွာ။ အဲဒီရွာ ၅ရွာကတော့ အကုန်လုံး ရွာလုံးကျွတ် ရှောင်ကြတာပေါ့။”

ရွှေကူမြို့ကို ဆိုက်ကပ်စဉ် ရေလဲရွာဘက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာကြောင့် ရေလဲရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်းနဲ့ ရွှေကူမြို့ပေါ်မှာလည်း လုံခြုံရေးတင်းကျပ်ထား ကြောင်းပြောပါတယ်။ KNG ခေါ် ကချင်သတင်းဌာနကတော့ ရွှေကူတဖက်ကမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ကြောင်း ဝင်ရောက်နေကြောင်းနဲ့ ဒီလ ၇ရက်နေ့က ပစ်ခတ်မှုမှာ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ KIA ဌာနချုပ်လိုင်ဇာအနီးမှာ ဇူလိုင်လဆန်းပိုင်းက စတင်ပြီး စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လိုင်ဇာဘက်ကို စစ်အင်အားတွေ ပို့ဆောင်နေတာရှိသလို KIA ဘက်ကလည်း စစ်ရေးအရ ပြင်ဆင်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG