ကချင်ပြည်နယ်ဖားကန့်မြို့နယ်က နမ့်မော်နဲ့ ကသိုင်းတောင် တပ်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် အနီးအနား ကျေးရွာက ဒေသခံ ၄၀၀ လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်မှာ စိုးရိမ်တဲ့အတွက် တိမ်းရှောင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ဖားကန့်ဒေသဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း ကတင်ပြထားပါတယ်။
ဖားကန့်မြို့နယ်က နမ့်မော်နဲ့ ကသိုင်းတောင် တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တနင်္လာနေ့ မနက် ၅ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကသိုင်းတောင် တပ်စခန်းကို သိမ်းယူခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားချိန်မှာဖားကန့်ဗျူဟာကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်းမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တာတွေရှိခဲ့တာကြောင့် ဒေသခံ ၄၀၀ ခန့်ဟာ ဆိုင်းအောင်နဲ့ မှော်ရှန်ရွာဘက်ကို တိမ်းရှောင်နေရ ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ စစ်ရှောင်တွေကတော့ မှော်ရှန်ဘုန်းကြီးကျောင်းတို့ဘာတို့မှာ ရှောင်နေကြတယ်လေ။ ဘုန်းကြီးကျောင်း ၂ ကျောင်းပေါ့။ မှော်ရှန်ရယ်၊ ဆိုင်းအောင်ရယ်။ ၄၀၀ လောက်တော့ ရှိမယ်ထင်တယ်။ လောလောဆယ်တော့ ပတ်ဝန်းကျင်က ရပ်ကွက်က လူကြီးတွေနဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေ ကျွေးမွေးထားတာပေါ့။ အဆင်ပြေသလို။ လူတွေက ဖားကန့်က ပစ်တဲ့အခါကျတော့ လက်နက်ကြီးတွေ ကျလာမှာစိုးလို့ ရှောင်တာပေါ့။ တိုက်ပွဲလည်းဖြစ်နေတယ်ဆိုတော့။ ဘယ်အချိန်ဘာဖြစ်မလဲဆိုသတိထားပြီးနေရတယ် ဆရာရေ။”
စစ်ရှောင်တွေကို ကူညီနေသူ တဦးကလည်း လက်ရှိ စစ်ရှောင်သူတွေဟာ တိုက်ပွဲဖြစ်ပွားရာ နမ့်မှော်ကျေးရွာဘက်က အများစုဖြစ်တယ်လို့ ပြောပါတယ်။
“ မှော်ရှန်ကျောင်းမှာ ၃၅၀၊ စိန္တသုခ ကျောင်းမှာ ၄၀ ။ အဲဒီနှစ်ကျောင်းပဲ ရှိတာ။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျွေးပြီးမှ ကျနော်တို့လည်း နည်းနည်းပါးပါး ရှာရတာပေါ့။ ဒီဘက်ရောက်တဲ့ ဟာတွေက နမ့်မှော်က များတယ်။ ခရစ်ယာန်ကျောင်းမှာတော့ မရောက်ဘူး ထင်တယ်။”
လောလောဆယ် ဖားကန့်ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ တနင်္လာနေ့ နေ့ခင်းပိုင်းမှာ KIA က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်က စစ်ကောင်စီနဲ့ SNA ရှမ်းနီတပ်တို့ ပူးတွဲအခြေစိုက်ထားတဲ့ တပ်စခန်းတစ်ခုကိုလည်း သိမ်းယူခဲ့ပါတယ်။
ဒေသခံတွေကတော့ ဆယ်ဇင်းနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်ထဲကမန်စိမ်းရွာအနီးက စခန်းဖြစ်ကြောင်းနဲ့ အဲဒီဒေသမှာတော့ ရွာသားတွေ နေထိုင်တာ သိပ်မရှိကြောင်း ပြောပါတယ်။
“အဲဒါက စစ်ကိုင်းတိုင်း ဘက်ဗျ။ စစ်ကိုင်းတိုင်း။ ဖြစ်တာကတော့ မန်စိမ်းနားပေါ့။ မန်စိမ်းနဲ့လည်း မဝေးဘူး။ မန်စိမ်းနဲ့ ရွှေတွင်းရွာကြားလေ။ ဒါပေမဲ့ ဖြစ်တဲ့နေရာက ရွာသားတွေ သိပ်မရှိပါဘူး။ နဂိုတည်းက ဖြစ်လက်စ ရှိတဲ့နေရာပါ။ အရင်တုန်း ကတော့ ရှိတာပေါ့ဗျာ။ နောက်ပိုင်းကျတော့ ၃ လပိုင်း၊ ၄ လပိုင်းလောက်မှာ တခေါက် ဖြစ်လိုက်တဲ့ အခါကျတော့အဲဒီမှာတင် သိပ်မနေကြတော့ဘူးလေ။”
ဒီနှစ် ဧပြီလ ၂၇ ရက်နေ့ကလည်း မန်စိမ်းရွာ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပါသေးတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းကတော့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေက တဘက် နဲ့ KIA နဲ့ PDF ပူးပေါင်း တပ်တွေကတဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။