သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခလမ်ဆမ်ဆွန် အမှုတွေအတွက် ဩဂုတ်လမှာ ဆုံးဖြတ်ချက်ချဖွယ်ရှိ


 ကချင်လူသားချင်းစာနာမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန် (ဓာတ်ပုံ NRPC)
ကချင်လူသားချင်းစာနာမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆွမ်ဆန် (ဓာတ်ပုံ NRPC)

ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထား ရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် အမှုတွေအတွက် အယူခံ လျှောက်လဲချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် တရားလွှတ်တော်ကို တင်လိုက်တာမို့ လာမယ့်ဩဂုတ်လအတွင်းမှာ အပြီးသတ် လျှောက်လဲချက် တင်ပြီး အဆုံးအဖြတ် ချမှတ်နိုင်ဖွယ်ရှိတယ် လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ မိသားစုဝင် တွေကတော့ ဒေါက်တာခလမ် ဆမ်ဆွန်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ် ဆမ်ဆွမ်ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အတွက် ထောင်ဒဏ် ၂ နှစ်၊ တပ်မတော်ကို အကြည်ညိုပျက်အောင် သွေးထိုးလှုံဆော်မှု ၅၀၅(က) အတွက် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ချမှတ်ခဲ့တာပါ။ ဒီအတွက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမဲ့ ပလပ်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်နယ်တရား လွှတ်တော်ကို အယူခံ လျှောက်လဲချက် တင်ခဲ့တာဖြစ်ပါတယ်။ အမှုအခြေအနေ အသေးစိတ်ကို သူ့ရှေ့နေဖြစ်သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“တက်ထားတယ်။ ရက်ပိုင်းက ပြင်ဆင်မှု တက်ထားတယ်။ ပြင်ဆင်မှု တက်တယ်ဆိုပေမဲ့ လျှောက်လဲချက်တော့ မပေးရသေးဘူး။ လျှောက်လဲချက်ပြီးမှ အမိန့်ချမယ်။ လျှောက်လဲချက်က နောက်လလောက် ဖြစ်မယ်။ ဘုတ်စလစ် မထွက်သေးဘူး။ ကျမတို့ကတော့ အများကြီးမျှော်လင့်တာ ပေါ့ကွယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောတတ်သေးဘူးရှင့်။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ပါဝင်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်း အက်ဥပ‌ဒ ၁၇/၁ နဲ့တရားစွဲခဲ့တာပါ။

၅၀၅(က) အတွက်ကတော့ လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့ အချိန် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်နဲ့ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာ ရှိလို့ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မွေးရာပါအဆုတ်ရောင်ရောဂါ ခံစားနေရသူဖြစ်တာကြောင့် အခုလို ထောင်ကျနေချိန်မှာ ကျန်းမာရေး ပိုမို ထိခိုက်လာမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် နှလုံးနဲ့သွေးတိုး ရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ကိုဗစ် ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားခဲ့ရပြီး မကြာခဏဆိုသလို ရင်ကြပ်တတ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။ လက်ရှိ သူ့ကျန်းမာရေးအခြေအနေကို သိရဖို့ မိသားစုအနေနဲ့ တွေ့ခွင့်ရချင်ပေမဲ့ ဖမ်းသွားချိန်ကစလို့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦး က ဗွီအိုအေကို ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘက်ကတော့ ဆရာတော်ကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌဆီ စာတင်တောင်းဆိုထားပေမဲ့ တစုံတရာ အကြောင်းပြန်တာမရှိပါဘူးလို့ KBC က ပြောပါတယ်။

"တွေ့ပေးဖို့လည်းကျနော်တို့ပြောထားတယ်။ တသက်လုံး သူတို့ဘက်က ဘာမှ အကြောင်းမပြန်လာဘူး။ အခြေအနေပေးရင် တွေ့ခွင့်ပေးမယ် ဒါပဲ ပြောတယ်။ ကျနော်တို့ လောလောဆယ် ဘာမှမပြောနိုင်ဘူး။ ကျနော်တို့ အထက်ကို အယူခံဝင်ဖို့ လုပ်ထားတယ်။ တင်ထားတယ်။ ကျနော်တို့ စာရေးထားတယ်။ ဒီလောက်ပဲ ကျနော်တို့တတ်နိုင်တာပေါ့။ ကျနော်တို့ဖြစ်ချင်တာကတော့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးတာ ကြိုက်တာပေါ့နော်။ ဒီကြားထဲ အချိန်ကြာရင် ကျန်းမာရေး ဖောက်ပြန်လာမယ် စိုးရိမ်စရာရှိ လာမယ်။ ကျနော်တို့အတွက်လည်း စိတ်သောက ရောက်ရတာပေါ့။"

ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံ ပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အဲ့ဒီအချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှုပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်းနဲ့ ကချင်စစ်ဘေး ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG