သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်အာဏာသိမ်း ၂နှစ်အတွင်း ဘာသာရေး အဆောက်အဦး၂၀၀နီးပါး တိုက်ခိုက်ခံရ” ICJ အစီရင်ခံ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ အပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်။ ဘာသာရေး လူနည်းစုဝင်တွေနဲ့ အသိုင်းအဝိုင်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပို ဆိုးလာတယ်လို့လည်း ဇွန်လထဲ ထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။

၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခံရတာ၊ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ခံရတာတွေ ရှိနေတဲ့ တချိန်ထဲမှာပဲ လူနည်းစု ဘာသာ၀င်တွေနဲ့ အသိုင်းအဝိုင်းတွေကို ဖိနှိပ်တာ၊ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ ၂ နှစ်ကြာ ကာလအတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံ ၁၉၀ ကျော် ရှိတဲ့အကြောင်း ဇွန်လထဲမှာထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီဖြစ်ရပ်တွေထဲက ၁၅၈ ခုက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ မှာ နှစ်ပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါးရှိခဲ့တဲ့ ခရစ်ယာန် ကက်သလစ် သာသနာ ဗိမ္မာန်တော် ဘုရားရှိခိုးကျောင်း တခု မီးရှို့ ဖျက်ဆီးခံခဲ့ရတာပါ။ စစ်ကောင်စီဟာ ဘာသာရေး အဆောက်အဦး တော်တော်များများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေ ပို လုပ်လာတယ်လို့ စစ်ကိုင်းတိုင်းက ခရစ်ယာန်ဘာသာဝင် တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ကျေးရွာတွေကိုစစ်ကြောင်းထိုးတယ်ဝင်ရောက်တယ်။ ဝင်ရောက်တာမှာ ခိုးဆိုးလုယက်ပြီးတော့ သူတို့လိုချင် တဲ့ပစ္စည်းတွေယူတယ်။ နောက်ရွာသူရွာသားတွေနေလို့မရအောင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးထားခဲ့တယ်။ ဒါတင်ဘဲလားဆိုတော့လည်းမဟုတ်ဘူး ဘာသာတခုရဲ့ ဘုရားကျောင်းဆောင် တွေ ဝတ်ပြု ဆုတောင်းတဲ့ နေရာ တွေနဲ့ အထွတ်အမြတ်ထားရာနေရာ တွေ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တွေ ဒါတွေကိုပါဖျက်ဆီးသွားကြတယ်။ ဒါတွေက အာဏာသိမ်းပြီးထဲက စစ်ကောင်စီကတစိုက်မတ်မတ် လုပ်နေတာဘဲ။ ကျနော်တို့ရွာကိုစစ်ကြောင်း အကြိမ်ကြိမ်ထိုးတာအကြိမ် ၃၀ကျော်ပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်နေ့က နှစ်ပေါင်းတရာကျော်ရှိတဲ့ ခရစ်ယာန် ကျနော်တို့ဘုရားကျောင်းကို သူတို့မီးရှို့ ဖျက်ဆီးသွားခဲ့တယ်။"

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေ မီးရှို့ ဖျက်စီးခံရတာအပြင် စစ်အခြေစိုက်စခန်းတွေ၊ ထိန်းသိမ်းရေး စခန်းတွေအဖြစ်လည်း အသုံးချခံ ရတာတွေပါ ရှိတယ်လို့လည်း ICJ အစီရင်ခံစာက ဖော်ပြပါတယ်။ ဘာသာရေး ခေါင်းဆောင် တွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ အသတ်ခံရတာတွေလည်း ပိုများလာသလို၊ စစ်အုပ်ချုပ်ရေးအောက်မှာ လူနည်းစုဘာသာဝင်တွေ ဖိနှိပ်ခံရတဲ့ အခြေအနေ စိုးရိမ်စရာ ဖြစ်လာတဲ့ အကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တဦးကတော့ သူတို့အတွက် ဘာသာရေးအရ ဖိနှိပ်မှုနဲ့ အကန့်အသတ်တွေ ပိုများလာတယ်လို့ပြောပါတယ်။

‘’လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုလားကျနော်တို့ရိုဟင်ဂျာတွေကိုအရင်ကလည်း ဗလီတွေကိုကန့်သတ်ထား တယ်။ ဗလီတွေမှာလူတွေစုပြီးတော့ ဝတ်ပြုဖို့ခွင့်မပြုဘူး။ အခုလည်းဒီပုံစံဘဲရှိတယ်။ နယ်တွေဘက်မှာ ကိုးကွယ် နေကြတယ်။ ဒါပေမယ့် တရားဝင်ခွင့်ပြုထားတာမဟုတ်ဘူး။မြို့ပေါ်မှာကျတော့လုံးဝ ဝတ်ပြု လို့မရဘူး။ နောက်တခုကဘာသာရေးကျောင်းတွေကိုလည်းပိတ်ထားတယ်။ ကန့်သတ်ထားတယ်။ ပြင်လို့ မရဘူး။ လူတွေနေမရအောင်ပုံစံမျိုးလုပ်ထားတယ်။ ဒါတွေက ရိုဟင်ဂျာတွေအတွက်ထိခိုက်မှုတွေဘဲ။ဆုံးရှုံးမှုကတော့ အာဏာသိမ်းပြီးနောက်ဆုံးရှုံးမှုပိုများလာတယ်။"

အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှင်းပမ်းခံရမှုတွေ၊ လက်နက်ကြီး ထိမှန်တာ ဒါမှမဟုတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ဘာသာရေးခေါင်းဆောင် ၄၁ ဦး ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွန်ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်း တာ ခံထားရပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ဖားကန့်မြို့နယ်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၆၀ သေဆုံးခဲ့ရပြီး အဲဒီ ဖြစ်စဉ်မှာ ထိခိုက် သေဆုံး ဒဏ်ရာရရှိသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးနဲ့ ဈာပန အခမ်းအနားပြုလုပ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သလို၊ နောက်ပိုင်းမှာ သေဆုံးသူတွေ အတွက်ကချင်ပြည်နယ်မြို့တော်မှာ ဆုတောင်း ပွဲပြုလုပ်ပေးတာ၊ ကချင်တိုင်းရင်းသား ခေါင်းဆောင် တချို့ကို ဘာသာရေးအရ ဟောပြော ပေးခဲ့တာတွေကြောင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အပါအဝင် ပုဒ်မ ၃ ခု နဲ့တရားစွဲခံရပြီး ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ် ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေ အားလုံး ဖိနှိပ်ခံနေရတယ်လို့ အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ကလည်း ဒီနှစ်အစောပိုင်းက ထောက်ပြထားပါတယ်။ အမေရိကန်အစိုးရက မေလထဲ ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG