သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO လိုင်ဇာဌာနချုပ်အနီး စစ်ရေးတင်းမာ


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ စနေနေ့က ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ရက်ဆက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဗန်းမော်ဘက်ကနေ လိုင်ဇာဘက်ကို စစ်အင်အား ဖြည့်တင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်ဘက်က အခြေအနေတွေကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ ဇူလိုင်လဆန်းကတည်းက နှစ်ဘက် စစ်ရေး တင်းမာနေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ တဖန် ငြိမ်သက်နေရာက မနေ့က တနင်္ဂနွေနဲ့ စနေ နှစ်ရက်မှာ နမ့်ဆန်ယန်ရွာအနီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။ လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲ အခြေအနေကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ သြဂုတ်လ ၂၆ ရက်နေ့ကနေ မြေပြင်ကနေ နည်းနည်း တိုးလာတယ်။ စစ်ကောင်စီဘက်က။ ဆိုတော့ ကျနော်တို့နဲ့ စောင့်နေတဲ့ နေရာမှာ ရောက်နေလို့ ရင်ဆိုင်တိုက်ပွဲတွေ ရှိပါတယ်။ အဲဒီနေ့မှာပဲ လေကြောင်းနဲ့ လာပြီးမှ ပစ်တာရှိပါတယ်။ မနေ့က ၂၇ ရက်နေ့မှာလည်း လေကြောင်းနဲ့ လာပစ်တဲ့ အခြေအနေ ရှိပါတယ်။ မြေပြင်ကလည်း နည်းနည်းတော့ လှုပ်ရှားလာတယ်။ နမ့်ဆန်ယန်ကနေ မဒီးယန်ဘက် သွားတဲ့နေရာပေါ့။ အောင်ဂျာယန် ဆိုတဲ့နေရာမှာ ဖြစ်ပါတယ်။ လေကြောင်းကနေ ပစ်တာလည်း အဲဒီနေရာမှာပဲ ဖြစ်ပါတယ်။ နမ့်ဆန်ယန် ရွာမှာလည်း ဗုံးကြဲတာရှိပါတယ်။”

နမ့်ဆန်ယန်ရွာကတော့ အရင်လ ကတည်းက တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီကနေ့မှာတော့ နှစ်ဘက်တပ်တွေအကြား ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်က ဗန်းမော်ဘက်ကနေ အင်အားဖြည့်တင်းတာတွေ ရှိနေကြောင်းနဲ့ KIA ဘက်ကလည်း လမ်းခရီးမှာ စောင့်ဆိုင်းနေတာတွေ ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ဗန်းမော်ကနေ တက်ပြီ သူတို့။ ခုနက ကား ၃ စီး။ ဒီမနက်ပိုင်း ဘယ်လောက် တက်သလဲတော့ မသိဘူး။ ကျနော်နဲ့ လမ်းမှာ ဆုံတာက ၃ စီး ဆုံခဲ့တာပေါ့။ ဒါပေမဲ့ ဟိုအထက်က ဟာတွေကလည်း ဟိုမှာ စောင့်ထားပြီလေ။ မဒီးယန် ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်တဲ့။ စနေနေ့လောက် ကျမှာပေါ့။”

စစ်ကောင်စီဘက်က မန္တလေးကနေ တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဒီလ ၁၈ ရက်နေ့က ဗန်းမော်မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒီစစ်သင်္ဘောတွေ ဆိုက်ရောက်ပြီးနောက်မှာ ဗန်းမော်မြို့မှာ လုံခြုံရေး တင်းကျပ်ခဲ့သလို လိုင်ဇာဘက်မှာလည်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA အကြား လိုင်ဇာဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်၊ ဒီလ ၂၅ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်း မြို့နယ်အတွင်းမှာလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ဒီလ ၂၂ ရက်နေ့ကလည်း ဖားကန့်ဒေသ ကာမိုင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ကာမိုင်းအနီး တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နောက် စစ်ကောင်စီတပ် နဲ့ KIA နှစ်ဘက်လုံးက ဖားကန့်- ကာမိုင်းလမ်းကို ၅ ရက်ကြာ ပိတ်ထားခဲ့ပြီး ဒီကနေ့မှာမှ ကားလမ်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG