သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်မှုဖြစ်


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လိုင်ဇာအနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လိုင်ဇာအနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာဘက်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မိုးမောက်မြို့နယ် မြို့သစ်အနီးနဲ့ ဝိုင်းမော်မြို့နယ် ဆမားလမ်းခွဲအနီးမှာ KIA က ကြားဖြတ် တိုက်ခိုက်တာကြောင့် ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီအတောအတွင်း ရွှေကူမြို့က အထွေထွေ အုပ်ချုပ်ရေးရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲအခြေအနေတွေကို ကိုစံကျော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန် ရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းကတည်းက စစ်ရေးတင်းမာမှု အရှိန် မြင့်တက်နေတာမှာ စစ်ကောင်စီဘက်က စစ်အင်အားတိုးမြှင့် စေလွှတ်ခဲ့သလို KIA ကလည်း လမ်းခရီးမှာ ကြားဖြတ် တိုက်ခိုက်တာကြောင့် ဗန်းမော်-မြစ်ကြီးနားလမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေခဲ့တာပါ။


စက်တင်ဘာလ ၅ ရက်၊ မနေ့ကလည်း ဗန်းမော်ဘက်ကနေ နမ့်ဆန်ယန်ဘက်ကို ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မြို့သစ်၊ ကုန်းလောအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဟိုတနေ့ကပေါ့။ ဗန်းမော်ကနေ တက်လာတဲ့ စစ်ကြောင်း၊ ကားတက်လာတဲ့ဟာကို မြို့သစ်မှာ သူတို့ ပြောက်ကျားတိုက်တယ်။ အဲဒါ တညလုံး သေနတ်အသေးတွေနဲ့ ပစ်တာတို့ ၊ လက်ပစ်ဗုံးနဲ့ အဲ့လိုမျိုးပစ်တယ်လို့ ပြောတာကိုး။ မနေ့ကတော့ သူတို့ တာပိန်တံတားမှာ၊ မြို့သစ် တာပိန်တံတားမှာ လမ်းပိတ်ထားတယ်တဲ့။ ကားတစီး ချောက်ထဲကျထားလို့ ကရိန်းနဲ့ ဆွဲထုတ်တယ်လို့ ပြောတယ်။ ဒေါ့ဖုန်းယန်ဘက်က ဒီလိုင်းကား၊ ဈေးသွားတဲ့ ကားတွေတောင်မှ ပြန်ခေါက်ခိုင်းတယ်တဲ့ မနေ့က။”

ဒီနေ့မှာတော့ မြို့သစ်မှာ လမ်းပိတ်ထားတာ ပြန်ဖွင့်ပြီလို့လည်း ဒေသခံက ပြောပါတယ်။ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဒီရက်ပိုင်း မိုးမောက်မြို့နယ်၊ တာပိန်ကြိုးတံတားမှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ပြောပါတယ်။

“ ဒီရက်ပိုင်းမှာကတော့ ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကူအဖွဲ့တွေကို တာပိန်ကြိုးတံတား မရောက်ခင်မှာ ကျနော်တို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ သူတို့ကားနဲ့ တက်လာတာကို ကျနော်တို့ မိုင်းခွဲတိုက်ခိုက်တာတွေ၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကတော့ ၅ ရက်နေ့လောက်မှာ ထင်တယ်။ အဲဒီနေရာမှာက သူတို့ အထိနာတဲ့ သဘောမျိုးရှိပါတယ်။ အခုထက်ထိကတော့ အဲဒီ မော်တော်ယာဉ်အဖွဲ့တွေ၊ ကားအဖွဲ့တွေကတော့ မြို့သစ်ကုန်းလောမှာပဲ ရပ်နေတာကို တွေ့ရပါတယ်။ အဲဒီဘက်ကနေပြီးတော့ ခြေလျင်နဲ့ ပြန်ပြီးတော့မှ သွားမလားပေါ့နော်။ အဲဒါ စောင့်ကြည့်နေပါတယ်။”

ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ယန် ဘက်မှာလည်း မနေ့က တိုက်ပွဲ ပြင်းထန်ခဲ့သလို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကဇူး၊ ဒဘတ်ယန်ဘက်မှာ မနေ့ကလည်း အဲဒီဘက်မှာ တိုက်ပွဲရှိပါတယ်။ သူတို့က လေကြောင်းနဲ့ လာပစ်ကူတဲ့အထိ တိုက်ပွဲတော့ ရှိပါတယ်။ ဒါပေမဲ့ မြေပြင်ရဲ့ အခြေအနေကိုတော့ တိတိကျကျတော့ အခုထက်ထိတော့ ကျနော်က မရဘူးပေါ့နော့်။”

ဒေသခံတွေကတော့ ကဇူးနဲ့ ဒဘတ်ယန်အနီး ဆမားလမ်းခွဲနဲ့ မလန်းယန်အနီးမှာ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေကြောင်း ပြောကြပါတယ်။ ခုလို KIO ဌာနချုပ် လိုင်ဇာဒေသဘက်မှာ စစ်ရေးတင်းမာနေချိန် ရွှေကူမြို့မှာတော့ အထွေထွေ အုပ်ချုပ်ရေးရုံးကို ဒေသခံ PDF အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ပါတယ်။ မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတဦး ဒဏ်ရာရခဲ့ကြောင်း ရွှေကူဒေသခံတဦးက ပြောပါတယ်။

“ မနက် ၁၀ နာရီ ကျော်ကျော်လောက်ဗျ။ ပထမ ၂ လုံး၊ ဒုတိယ ၂ လုံးပေါ့။ ပထမ အထွေထွေ အုပ်ချုပ်ရေးဌာနပေါ့နော်။ ဟောခန်းအပေါ်တို့ ဘာတို့ ၊ အစည်းအဝေး ခန်းမထဲ ကျတယ်။ ရုံးဝန်ထမ်းလား ရွာက ကလေးမတယောက်လို့ ပြောတယ်။ လျှောက်လွှာ လာလုပ်တာလား၊ ဘာအတွက်လာတယ် မသိဘူး။ အဲဒါ ထိသွားတယ်ပေါ့နော်။ ဆေးရုံပို့လိုက်တယ်။ ဒုတိယအကြိမ် နောက် နာရီဝက်လောက်နေတော့ ၂ လုံး ပြန်ချတယ်။ အဲဒါကတော့ အထွေထွေ အုပ်ရုံးရဲ့ ရှေ့ ပန်းခြံထဲမှာ ကျတာ။ ဘာမှ အထိအခိုက်မရှိဘူး။”

ဒီလ ၃ ရက်နဲ့ ၄ ရက်နေ့ကလည်း ရွှေကူမြို့ ရဲစခန်းကို ၂ ရက်ဆက်ပြီး ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ထိခိုက်မှု အခြေအနေကိုတော့ မသိရပါဘူး။ ဒီလ ၁ ရက်နေ့ကတော့ ရွှေကူမြို့ ကျောက်ကြီးရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ကို KIA ၊ PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း စစ်ရေးပြင်းထန်နေချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်နဲ့ TNLA တအန်း(ပလောင်) တပ်အကြားမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG