သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် ၇ သောင်းခွဲကျော်ပြီ


စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မီးဘေးသင့်ကျေးရွာတရွာကိုတွေ့ရစဉ် (မေ၊ ၂၀၂၃)
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မီးဘေးသင့်ကျေးရွာတရွာကိုတွေ့ရစဉ် (မေ၊ ၂၀၂၃)

စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြား အရပ်သားနေအိမ် ခုနစ်သောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Data for Myanmar က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အများစုဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး မီးရှို့တာခံခဲ့ရတဲ့ရွာကတော့ စကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို အလိမ္မာက တင်ပြပေးမှာပါ။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းလာတဲ့ ဒေသတွေကို စစ်ကောင်စီက ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းယူထားတာ ၃နှစ်ထဲ ဝင်လာတဲ့ ယခု၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခကြောင့် အရပ်သားနေအိမ် ခုနစ်သောင်း ခြောက်ထောင် ကိုးရာ (၇၆၉၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး အများဆုံး ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ နေအိမ် ၆ သောင်းနီးပါး ( ၅၈,၃၀၀) မီးလောင်ပျက်စီးခဲ့ရတယ်လို့ မြေပြင်အချက်အလက် ကောက်ယူနေတဲ့ Data for Myanmar က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းမှာ နေအိမ် တသောင်းကျော် (၁၁,၅၀၀ ) နဲ့ တတိယအများဆုံးက ချင်းပြည်နယ်မှာ ဖြစ်ပြီး နေအိမ်အလုံးပေါင်း ၁,၆၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းကျေးရွာ (မတ်လ ၁ ရက်၊ ၂၀၂၃)
မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းကျေးရွာ (မတ်လ ၁ ရက်၊ ၂၀၂၃)

အခုနောက်ဆုံး မီးအရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်တောင်းငယ်ရွာကတော့ ယင်းမာပင်-ပုလဲ-မုံရွာ လမ်းမကြီးပေါ်မှာရှိတာဖြစ်ပြီး ပုလဲမြို့ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား နိုဝင်ဘာ ၇ရက်နဲ့ ၈ရက် နေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာ လက်တောင်းငယ်ရွာ မီးရှို့ခံရတယ်လို့ မျက်မြင်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“လက်တောင်းငယ်ရွာကို မီးရှို့ခံလိုက်ရတယ်။ နေအိမ်တွေကတော့ ကျနော်က အိမ်ပေါင်း ဘယ်လောက်ရှိမယ်မသိဘူးခင်ဗျ။ ကျနော်တွေ့ခဲ့တဲ့အတိုင်းက လမ်းအရှေ့ဖက်မှာတော့ ၂အိမ် ၃အိမ်လောက်ပဲ ကျန်တော့တာဗျနော်။ လမ်းအနောက်ဖက်က အိမ်ခြေလေးက ၁၀ အိမ် ၁၅ အိမ်လောက် ရှိမာကို ကွက်ကျားကွက်ကျား ရှို့ခံထားရတယ်ဆိုတော့ သိပ်တော့မကျန်တော့ဘူးခင်ဗျ။ တရွာလုံးပုံစံလို့ပဲ ပြောလို့ရပါတယ်ခင်ဗျ။”

စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက်မှာ နေအိမ် ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ လက်တောင်းငယ်ရွာ တရွာလုံးနီးပါး မီးရှို့ ခံရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ဗျူစောထီးတွေ ရွာထဲ ဝင်လာပြီးနောက် အရှေ့စီး၊ တင်သား၊ ရေရှင် စတဲ့ ကျေးရွာတွေ နေအိမ်မီးရှို့ခံရတယ်လို့ နေအိမ်မီးလောင် ဆုံးရှုံးခဲ့ရသူတွေက ဗွီအိုအေ ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အကြိမ်ကြိမ်မီးရှို့တာ ခံခဲ့ရတဲ့ အိမ်ခြေ ၃၆၇ လုံးရှိတဲ့ ရေရှင်ကျေးရွာမှာ ၂၀၂၁ ခုနှစ်က စက်တင်ဘာမှာ နေအိမ် ၅ လုံးနဲ့ နိုဝင်ဘာမှာ ၁၅ လုံး အရှို့ခံရပေမယ့် နောက်နှစ်မှာတော့ တရွာလုံးနီးပါး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ရေရှင်ရွာခံက ဦးမောင်စိုးက တော့ နေအိမ်မီးလောင်သွားတဲ့ ဒေသခံအများစုဟာ အခုချိန်အထိ ခိုနားစရာအိမ်မရှိဖြစ်နေတယ်လို ဗွီအိုအေကို ပြောပါတယ်။

“သူတို့က အချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်ပစ်နေတာ ဆိုတော့ ကျနော်တို့ လုံးဝ စိတ်မချ တဲ့အတွက်ကြောင့် ကျနော်တို့ ပတ်ချာလည်ကလည်း ပျူရွာ တွေပဲဆိုတော့ ကျနော်တို့အဲ့ဒါ စိတ်မချလို့ (ပြန်နေမရဲတာ) အနေမခံတာဗျ။ ကျနော်တို့ တကယ်လို့ ပြန်မယ်ဆိုလည်း ကျနော်တို့ အိမ်တွေက ပြာကျ ထားတာလေ၊ ဘယ်နေရာသွားနေရမလဲ ကျနော်တို့မှာ သစ်ပင်ဘာပင် တွေကအစ အိမ်တွေနဲ့နီးတဲ့ အုန်းပင်တွေ မန်ကျည်ပင်တွေ ပိန္နဲပင်တွေကအစ အကုန်ပြာဆိုတော့ ကျနော်တို့ အခုက အိမ်ကတော၊ တောက အိမ်ဖြစ်နေတယ်ဗျ။”

ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)
ရေဦး ခင်ဦး ဒေသ စစ်ဘေးရှောင် ပြည်သူများ (photo: C J)

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ နေအိမ်မီးလောင်သွားတဲ့ အရှေ့စီးကျေးရွာက စစ်ပြေးဒုက္ခ သည်တဦးကလည်း အခုချိန်အထိ အိမ်ခြေယာမဲ့ဘဝနဲ့ တောတောင်တွေထဲ ပုန်းခိုနေပြီး ဆင်းရဲဒုက္ခ မျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“အိမ်မရှိယာမရှိလို့ ဘယ်နားမှ နေစရာမရှိလို့ အိုးတစ်လုံး ခွက်တခွက်။ ဘာလဲမရှိ။ မီးလောင်တယ်ဆိုတော့ နေစရာမရှိဘူး၊ တောထဲမှာ နေကြရတယ်။ ဘာမှကျန်ဘူး။ ငပိဖုတ်စားလိုက်၊ ပဲလေး ပြုတ်စားလိုက်နဲ့ ခက်ခဲတာတော့ ခက်ခဲတာပါ။ ဆင်းရဲဒုက္ခတောင်မပြောနဲ့တော့ အရင်လို တောင် မပြောနိုင်တော့ဘူး၊ ဘဝပျက်ပြီးဆုံးတာတော့ မပြောနဲ့တော့ အိုးပျက်အိမ်ပျက် ဘဝပျက် နေစရာမရှိ စားစရာမရှိတဲ့ ဘဝရောက်တာပါ။”

တိုက်ပွဲတွေကြား ပြေးလွှားနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ယာယီတဲထိုးပြီး ဖြစ်သလို နေထိုင်စားသောက် နေကြရတာပါ။ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသား အများအပြားဟာ စစ်ပြေးဒုက္ခသည်တွေဖြစ် ကုန်ကြပြီး ဒေသတွင်း သွားရေးလာရေး ခက်ခဲတဲ့ အခြေအနေတွေကြောင့်လည်း အကူအညီပေးမယ့် သူတွေ မလာနိုင်ကြသလို အကူညီတွေလည်း မရပဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

စစ်တမ်းကောက်ယူ နေတဲ့ အဖွဲ့ နောက်တဖွဲ့ ဖြစ်တဲ့ ISP Myanmar အဖွဲ့ကတော့ နှစ်နှစ်ခွဲကျော် ကာလအတွင်း နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေအိမ်၊ အဆောက်အအုံး ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အခုလို မီးရှို့ဖျက်ဆီးခံရမှုတွေက ၂၀၂၂ ခုနှစ်အတွင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG