သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း အိမ်ခြေ ၆၀ ခန့် စစ်ကောင်စီ မီးရှို့


မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က ရွာလေးရွာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွား။ (photo: Bo King)
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က ရွာလေးရွာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွား။ (photo: Bo King)

မန္တလေးတိုင်း အိမ်ခြေ ၆၀ ခန့် စစ်ကောင်စီ မီးရှို့

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့က ဝင်ရောက်ပြီး ကျေးရွာအနည်းဆုံး ၄ ရွာက နေအိမ် ၆၀ ဝန်းကျင်လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားချိန်မှာတော့ ဒေသခံတွေ ရွာပြန်ဝင်နိုင်ဖို့ မိုင်းရှင်းလင်းရေး လုပ်နေကြရတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မသိင်္ဂီထိုက်က ပြောပြပါမယ်။


အင်အား ၇၀ ကျော်ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ သူတို့ ချောဆွဲလာတဲ့ ပြည်သူပိုင် ဖလပ်သံခွံစက်လှေ ၂ စီး၊ စစ်တပ်ပိုင် speed boat တစ်စီးနဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ မန္တလေးဆိပ်ကမ်းကနေ တက်လာပြီး မတ္တရာမြို့နယ် ဥဒိန်ရွာမှာ ညအိပ် စခန်းချခဲ့ပြီးတဲ့နောက် နောက်တစ်နေ့မှာတော့ မတ္တရာ ဘက်ကနေ ဆင်းလာတဲ့ ဖလပ်သံခွံစက်လှေ နောက်ထပ်တစ်စီးနဲ့ အတူ စဉ့်ကူးမြို့နယ်ထဲမှာရှိတဲ့ ဧရာဝတီ မြစ်ကမ်းဘေးကျေးရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့ခဲ့တာလို့ ဝက်လက်သတင်းကွန်ယက် (Welet Informational Network) အဖွဲ့တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“အဲ့မှာ ကျွန်တော်တို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့မှ ၁၀ နာရီကျော်လောက်ကျတော့ သဲအင်းရွာဖက်ကို ရောက်ပြီးတော့မှ သဲအင်းရွာကို စပြီးတော့ မီးရှို့တာပေါ့။ သဲအင်းပြီးတော့မှ ကြက်တူရွေးတို့ ဟင်္သာမတို့ မြစ်ကမ်းကြီးတို့ကို ဆက်ပြီးတော့ မီးရှို့တာဗျ။ (မီးရှို့ခံရတာက) သဲအင်းရွာက ၄၂ လုံး၊ ကြက်တူရွေးရွာက ၉ လုံး၊ မြစ်ကမ်းကြီးရွာက ၂ လုံး၊ ဟင်္သာမရွာက ၆ လုံး စုစုပေါင်း ၅၉ လုံး ရှို့ခံရတယ်။ ရွာပေါင်း ၄ ရွာကို။”

သဲအင်းဟာ တိုက်နယ်ကျေးရွာကြီးဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြိမ်ကြိမ် မီးအရှို့ခံရမှုကြောင့် ကျေးရွာအတွင်းမှာ နေအိမ်က မရှိသလောက်ဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကြက်တူရွေး၊ ဟင်္သာမ စတဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာ ရှိတဲ့ ကျေးရွာ တော်တော်များများဟာ စစ်ကောင်စီတပ်တွေ ရေကြောင်းကသွားလာချိန်မှာ ကမ်းကပ်ပြီး စစ်ကြောင်းဝင်ရောက် မီးရှို့လေ့ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်နီးပါး ကာလအတွင်းမှာ အကြိမ်ကြိမ် မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက အဲ့ဒီနေ့ ညနေပိုင်းမှာပဲ မတ္တရာမြို့နယ် ဖက်ကို မြစ်ကြောင်းအတိုင်း ဆန်တက်သွားပြီး မတ္တရာမြို့နယ် ထန်းခြောက်ပင်ရွာထဲ စစ်ကြောင်းဝင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထွက်သွားချိန် ကျေးရွာတွေမှ မြေမြှုပ်မိုင်းတွေ ထားခဲ့တတ်တာကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိစေဖို့ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေကို အလျင်စလို ရွာထဲကို ပြန်မဝင်ကြဖို့ ပြောဆိုထားသလို ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာအတွင်း မြေမြှုပ်မိုင်းနဲ့ အခြား ပေါက်ကွဲစေတဲ့ ပစ္စည်းတွေရှိမရှိ ရှာဖွေရှင်းလင်းပြီးမှ ရွာထဲကို ပြန်ဝင်စေတယ်လို့ ကိုနဂါးလေးက ခုလိုပြောပါတယ်။

“လောလောဆယ် မီးရထားတဲ့ (မီးအရှို့ ခံရတဲ့ ) ရွာတွေက ပြန်ဝင်ဖို့က စကစက နင်းမိုင်းတွေ ဘာတွေ ထောင်ထားခဲ့တတ်တာမျိုးရှိတော့ ကျွန်တော်တို့ တချက်ပြန်ပြီးတော့မှ ပြည်သူတွေကို မေတ္တာရပ်ခံထားရတာပေါ့ အမြန်ပြန်မဝင်ဖို့ကို အဲ့လိုပေါ့။”

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာ ၁၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပေမယ့် ကာကွယ်ရေးတပ်တွေဟာ သူတို့ဖက်က လက်နက်အင်အား မမျှတာကြောင့် ဆုတ်ခွာခဲ့ကြရတယ်လို့ ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေကို ခုလိုပြောပြပါတယ်။

“ဒေသတွင်းမှာရျိတဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့တော့ ထိတွေ့မှုတွေတော့ ဖြစ်လိုက်ကြတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိကြတယ်။ ဒါပေမယ့် ဒီဖက်က ကျွန်တော်တို့ ကာကွယ်ရေးဖက်က လက်နက် ခဲယမ်းက မမျှဘူးလေ။ ဒီဖက်က သူတို့လိုမျိုး ကျည်ကို ပေါပေါလောလောမသုံးနိုင်ဘူးပေါ့။ အဲ့တော့ ဒီဖက်က နောက်ဆုတ်ပေးလိုက်ရတယ်။ သဲအင်းဆိုရင် ရုတ်တရက် ရှောင်လိုက်တယ်၊ ကြက်တူရွေးလဲ ပါတယ်။ သူတို့က ဒီနယ်ကို စစ်ကြောင်းထိုးမယ်လို့ ပေါ်တင်ခေါ်လာတာမျိုး မဟုတ်တော့ တချို့ပြည်သူတွေကလည်း မတိမ်းကြဘူးပေါ့။ အဲ့မှာ ပစ်တော့မှာ ပစ်နေပြီ ပစ်နေပြီ ဆိုပြီးတော့ အဲ့ကျတော့မှ ပြေးကြရတာပေါ့။ လွတ်အောင်ပြေးကြရတာပေါ့၊ အဲ့လိုစစ်ဘေးရှောင်ရတဲ့သူတွေလည်း ရှိတယ်ဗျ။”

ဒေသခံတွေကလည်း စစ်ကြောင်းက ပစ်ခတ်ဝင်ရောက်လာချိန်ကျမှ အလျင်စလို စစ်ရှောင်ခဲ့ ကြရတာလို့ ပြောပြပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာ မြန်မာပြည်တစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးရှိလာပြီး စက်တင်ဘာ ၂၆ ရက်နေ့ကနေ အောက်တိုလာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ အနောက်ဘက်ရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ လူဦးရေ ၁၃၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG