သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ စစ်ဆင်ရေးကြောင့် ရေဦးဒေသခံ ထောင်ချီတိမ်းရှောင်


ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)
ရေဦး ဒီပဲယင်းနယ်စပ် ကျေးရွာများ စစ်ဘေးတိမ်းရှောင်နေရ (သြဂုတ် ၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်နေတာကြောင့် ကျေးရွာ ၁၁ ရွာလောက်က ဒေသခံ ၇,၀၀၀ ဝန်းကျင် မနေ့က ညတွင်းချင်း ထွက်ပြေး စစ်ရှောင်ခဲ့ကြရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း ရေဦးမြို့နယ် အတွင်းက ဇိန့်ဇွန်းကျေးရွာနဲ့ ပေါက်သာ ကျေးရွာတွေကို ဝင်ရောက် နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးနေကြရတဲ့အကြောင်း သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နယ်မြေ ရှင်းလင်းရေး လုပ်ပြီး ရေဦးမြို့နယ်ထဲကို ဆက်ဝင်လာတဲ့၊ တပ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ညက ကား ၄ စီးနဲ့ ပိဋကတ်ကျ ကျေးရွာထဲ ဝင်ရောက်လာပြီး စခန်းချနေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြတာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ ဇိန့်ဇွန်းရွာနဲ့ ပေါက်သာကျေးရွာကို ဝင်ရောက် နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ည ၁၀ နာရီဝန်းကျင်လောက်မှာ သူတို့က ရေဦးကနေ လာလို့ရှိရင် ထိပ်ဆုံးမှာ ရွာသာလေးကို ရောက်မှာ ရွာသာလေးပြီးမှ ကုက္ကိုစူး၊ ကုက္ကိုစူးပြီးမှ မူးသာကုန်းဆိုတဲ့ ရွာကိုရောက်တာဗျ။ အဲ့ဒီရွာမှာ ရောက်တော့ သူတို့က ကား ၄ စီးနဲ့ အင်အားချ ချပြီးတော့ သူတို့ ပိဋကတ်ကျပေါ့ အဲ့ဒီမှာ သူတို့က အင်အားချပြီး ကားတွေပြန်ကွေ့သွားပြီးတော့ ညတုန်းကတော့ အဲ့ဒီမှာပဲ သူတို့ စခန်းချလိုက်တာပေါ့။ ဒီနေ့ မနက်ကျတော့ သူတို့ ဆက်ထိုးလာတာက ဇိန့်ဇွန်း၊ ပေါက်သာပေါ့။”

စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာမှာကို စိုးရိမ်ပြီး ရေဦးမြို့နယ်အတွင်း စစ်တပ်အထိုင်စခန်းနဲ့ နီးတဲ့ နေရာတဝိုက်က ကျေးရွာ အနည်းဆုံး ၁၁ ရွာက ဒေသခံ ၇,၀၀၀ ဝန်းကျင်လောက် ညတွင်းချင်းပဲ စစ်ရှောင်ခဲ့ကြတာလို့လည်း သူက ပြောပါတယ်။

“ညတုန်းကတည်းက သူတို့ဆင်းလာပြီ ဆင်းလာပြီး သတင်းရလို့ ပြေးဖို့လုပ်တာ ရောက်နေကြပြီသူတို့က။ ညတွင်းချင်း သေနတ်ဖောက်ပြီးတော့ တခါတည်း တန်းဝင်တာ။ ရောက်တာက ညကြီးလည်းဖြစ်တယ်။ မိုးကလည်း ညနေဖက်က ရွာထားတယ်ဆိုတဲ့ခါကျတော့ ရှောင်ချိန်တိမ်းချိန် နည်းသွားတာပေါ့။ ၁၁ ရွာလောက်တော့ ရှိတယ်ပေါ့။ စစ်ရှောင်ရတဲ့ ရွာတွေလေ။ လူဦးရေက မနေ့က ကျွန်တော်တို့ ဒီဖြစ်တဲ့နေရာကနေ ရှောင်လာတဲ့ လူဦးရေကတော့ ၇,၀၀၀ ကျော်လောက်တော့ ရှိမယ်။”

ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်ကို ဝင်ရောက် နယ်မြေရှင်းနေတဲ့ စစ်ကောင်စီတပ်တွေက ခင်ဦးနယ် အတွင်းက သရက်ကန် ကျေးရွာသား ၅ ဦးကို ဖမ်းဆီးပြီး ရေဦးမြို့နယ်စခန်းကို ဝင်ရောက်သွားချိန်အထိ သူတို့နဲ့အတူ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ကူညီထောက်ပံ့ပေးနေသူ ကိုမြင့်ဇော်က ခုလိုပြောပါတယ်။

“ရွာတွေ ဝင်စတုန်းကတော့ မဒေါင်းလှကို ဝင်တုန်းကတော့ သူတို့အဲ့မှာ သရက်ကန်က ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းသွားတယ်ဗျ။ အဲ့ဒါကို လွှတ်သလားလို့ ကျွန်တာ်တို့ သတင်း လိုက်တဲ့အချိန်မှာ လောလောဆယ်တော့ လွှတ်တယ်ဆိုတဲ့ အနေအထားတော့ မတွေ့ရသေးဘူးဗျ။”

ခင်ဦးမြို့နယ်အတွင်း နယ်မြေရှင်း စစ်ကြောင်းဝင်ရောက်ချိန်မှာ ကျေးရွာတွေအနီးက ကွမ်းခြံတွေနဲ့ တဲတချို့ကို မီးရှို့ ဖျက်ဆီးတာတွေ ရှိခဲ့သလို၊ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့စပြီး ၃၁ ရက်နေ့အထိ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဟာ ခင်ဦးမြို့နယ် အရှေ့ဘက်က ကျေးရွာ ၆ ရွာနဲ့ အနောက်ဘက်က ကျေးရွာ ၂ ရွာ စုစုပေါင်း ၈ ရွာကို ဝင်ရောက် နယ်မြေရှင်းခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ခင်ဦးကနေ ရေဦးကို ဦးတည် ထွက်ခွာသွားချိန်မှာ ခင်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ ရွာထဲ ပြန်ဝင်နိုင်တာ ရှိပေမယ့် တချိန်တည်းမှာပဲ ရေဦးနယ်က ဒေသခံတွေ တလှည့် ထွက်ပြေး တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး များ လာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ အခုဆိုရင် ၁ ဒဿမ ၉ သန်းနီးပါးအထိ ရှိလာတဲ့အကြောင်း ဇူလိုင်လထဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ လူဦးရေ ၁ ဒဿမ ၆ သန်း နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေအောက်မှာ နေရပ်စွန့်ခွာ ထွက်ပေးလာကြသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ UNOCHA က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG