သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း


ယခင်မှတ်တမ်းရုပ်ပုံ | ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ (၅၃)ကြိမ်မြောက် ကုလလူ့အခွင့်အရေးညီလာခံအတွင်း စကားပြောကြားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk (ဇွန် ၁၉၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ (၅၃)ကြိမ်မြောက် ကုလလူ့အခွင့်အရေးညီလာခံအတွင်း စကားပြောကြားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk (ဇွန် ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာနေတာနဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူခြင်း မရှိတာတွေကြောင့် ဒီကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ် ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီက အဆိုပြုပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk က ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထိတ်လန့် တုန်လှုပ်ဖွယ် တိုက်ခိုက်မှုတွေ ခံနေရတဲ့အပြင် ၊ လူ့အခွင့်အရေးတွေ ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ခံနေရပြီး အသက်ရှင် ရပ်တည်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း ပြိုကျ ပျက်ဆီးခြင်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ ကော်မရှင်နာမင်းကြီးက အစီရင်ခံ တင်သွင်းတဲ့အထဲ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အစီရင်ခံစာတင်ပြပြီးခဲ့တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ပိုပြီး ဆိုးရွားလာခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေတဲ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးပို့ခွင့်ပြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြိမ်ကြိမ် တောင်းဆိုတာကိုလည်း လူမဆန်စွာ မျက်ကွယ်ပြုနေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အကြားဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိင်ငံအတွင်းက အခြေအနေတွေကို အစီရင်ခံ တင်ပြတာမှာ အဲဒီကာလအတွင်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းက တိုက်ခိုက်မှု၊ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးမှု စတဲ့ ဗျူဟာ ၃ ခုကို အခြေခံပြီး စံနစ်တကျ အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို ကျူးလွန်နေတာမှာ စစ်တပ်၊ ဒါမှမဟုတ် စစ်တပ်က စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အစုအဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနည်ဆုံး လူပေါင်း ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အုပ်စုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အများပြည်သူ သွားလာရာ နေရာတွေမှာ ဗုံးဖောက်ခွဲမှုတွေ ရှိနေတာကိုလည်း ထည့်သွင်းထားပါတယ်။ စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် ပါဝင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ကို အခုချိန်ထိ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ကိစ္စကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး Volker Türk ဒီကနေ့ တင်ပြတဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG