သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ အပါအဝင် ကမ္ဘာတဝန်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာ” ကုလမဟာမင်းကြီး


UNESCO မှာကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မိန့်ခွန်းပြောနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk
UNESCO မှာကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မိန့်ခွန်းပြောနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk

မြန်မာအပါအဝင် နိုင်ငံအများအပြားဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဌာန်းထားတဲ့ လူသားအားလုံးရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်နေတာကြောင့် ကမ္ဘာတဝန်းလူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေပြီး အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လကာ တာ့ခ် (Volker Türk) က တနင်္လာနေ့က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ လေးပတ်ကြာအစည်းအဝေး အဖွင့်နေ့မှာပြောတဲ့ ကုလ လူ့အခွင့်အရေးအကြီးအကဲရဲ့ မိန့်ခွန်းထဲမှာ ကုလသမဂ္ဂရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ လူ့အခွင့်အရေးဟာ အခုအခါမှာ အရေးကြီးတဲ့ အလှည့်အပြောင်း နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဖိနှိပ်ချုပ်ခြယ်တဲ့ အစိုးရတွေဟာ လူ့အခွင့်အရေး တိုးတက်စေဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးထက် ကိုယ်ကျိုးစီးပွား ကို ဦးစားပေး ရှေ့တန်းတင်နေတယ်လို့ ကုလ လူ့အခွင့်အရေး အကြီးအကဲက သူ့ အမြင်ကို တင်ပြခဲ့ပါတယ်။


မိန့်ခွန်းထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အခြေအနေကိုလည်း ထည့်သွင်း ပြောခဲ့ပြီး စစ်ကောင်စီ ဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိသလို ကုလ အထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆိုနေတယ်လို့ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ မြန်မာနိုင်ငံထဲကို ၂၀၁၉ ခုနှစ်ကတည်းက ဝင်ရောက်ခွင့်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး နောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် နေပြီး ပြည်တွင်း မြေပြင်မှာ ကုလလူ့အခွင့်အရေးရုံးသာ လှုပ်ရှား သွားလာ အလုပ် လုပ်ခွင့်ရခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အထိုက်အလျောက် လျော့ပါး ဟန့်တားနိုင်စေမယ်လို့ ဆိုပါတယ်။

ကုလ လူ့အခွင့်အရေး အကြီးအကဲရဲ့ လူ့အခွင့်အရေးအခြေအနေ သုံးသပ်ချက်ထဲမှာ မြန်မာ အပြင် ရုရှား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသ အပါအဝင် ကမ္ဘာတဝန်းက အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရာဇ၀တ်မှုတွေကို တနိုင်ငံချင်း အလိုက် မီးမောင်းထိုး တင်ပြခဲ့ပါတယ်။

အဲဒီထဲမှာ ရုရှား အနေနဲ့ ရုရှားပြည်တွင်း အပြင် သူတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေထဲ ကုလ လူ့အခွင့်အရေးအဖွဲ့ကို ဝင်ခွင့်ပေးဖို့၊ အနည်းဆုံး အရပ်သားတွေကို ထိန်းသိမ်းထားတဲ့ နေရာတွေ၊ စစ်သုံ့ပန်းတွေ၊ ယူကရိန်းကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေကို ထိန်းသိမ်းထားတဲ့ နေရာတွေကို ကြည့်ရှုခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင်တာလီဘန်အုပ်ချုပ်နေတဲ့အာဖဂန်နစ္စတန်မှာ အခြေခံအကျဆုံး လူ့အခွင့်အရေး တွေ ချိုးဖောက် ခံ‌နေကြောင်းနဲ့ ကျား-မ ခွဲခြားမှုအပါအဝင် အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အတွက် ဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လူ့အခွင့်အရေး အကြီးအကဲ တာ့ခ်က ထောက်ပြ ခဲ့ပါတယ်။

အီရန်နိုင်ငံမှာလည်း အခုနှစ်ပိုင်းတွေထဲ ကွပ်မျက်မှုတွေ တိုးမြင့်လာတာနဲ့ အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုများ ဆက်လက်ဖြစ်ပေါ်နေတာ အပါအဝင် ကျယ်ပြန့်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကုလ လူ့အခွင့်အ‌ရေး အကြီးအကဲရဲ့ တင်ပြချက်ထဲမှာ အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေအတွင်း အခြေအနေဆိုးရွားလာနေတဲ့ အတွက် အလွန်စိုးရိမ်မိကြောင်း ဆိုပြီး “အစ္စရေးလုံခြုံရေး တပ်ဖွဲ့တွေက ပါလက်စတိုင်း တွေ အပေါ် အင်အားအလွန်အကျွံအသုံးပြုမှုနဲ့ တရားလက်လွတ် ပြုကျင့်တာလို့ စွပ်စွဲခံရတဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ မြင့်တက်လာနေတယ်” လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG