သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတိုး


ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု လွယ်လွမ်ကျေးရွာ ဘုန်ကြီးကျောင်းဝန်းတခုအနီး လေယာဉ်ဗုံးကြဲမှုအပြီးတွေ့ရတဲ့ မြင်ကွင်း (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု လွယ်လွမ်ကျေးရွာ ဘုန်ကြီးကျောင်းဝန်းတခုအနီး လေယာဉ်ဗုံးကြဲမှုအပြီးတွေ့ရတဲ့ မြင်ကွင်း (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်က တပ်စခန်းတခုကို ဒီဇင်ဘာလ ၁၃ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ တအောင်းလက်နက်ကိုင် TNLA က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက် နှစ်ဘက်တိုက်ပွဲကြားမှာ အရပ်သား သေကြေထိခိုက်မှု တိုးလာနေတာ ဖြစ်ပြီး မြေပြင်တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကလည်း နေ့စဉ်လိုလို ရှိနေကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းတခုကို သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ဒီဇင်ဘာလ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။ ပြင်းထန်လာနေတဲ့ တိုက်ပွဲကြား ပိတ်မိမှာ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ဒေသခံတွေကတော့ မြို့ကိုစွန့်ခွာနေကြတယ်လို့ တအောင်းအရပ်ဘက်အဖွဲ့အစည်း TCSO ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"အိမ်အပျက်အစီးတွေကတော့ များတယ်၊ မြို့က သူတွေကတော့ တော်တော်လေး ထွက်သွားကြတယ်ပေါ့နော်။ အထူးသဖြင့် လက်နက်ကြီးရော လေယာဉ်ရော ဗုံးလာကြဲတယ်ဆိုတော့ စိုးရိမ်ကြတယ်။ အဲဒါတောင်မှ နမ့်ဆန်မြို့ထဲမှာပဲ ဒီတရက်နှစ်ရက်အတွင်းမှာ လေးယောက်လောက်တော့ အသက်ဆုံးရှုံးတာရှိတယ်။"

နမ့်ဆန်မြို့က စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံကိုလည်း သိမ်းပိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို TNLA က သတင်းထုတ်ပြန် ခဲ့ပါတယ်။ စက်ရုံအနီးနား မှာနေထိုင်တဲ့ အမျိုးသားတဦးလည်း တိုက်ပွဲကြားမှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတာပါ။ ရှမ်းမြောက်မှာ အရပ်သား နေအိမ်တွေ သာမက ဘာသာရေး အဆောက်အဦး တွေလည်း လေကြောင်းကနေ တိုက်ခိုက်တာ ခံနေရ ပါတယ်။ နမ့်ခွမ်မြို့ပေါ်က ဘုန်းကြီးကျောင်းပေါ်ကို မနေ့က ဗုံးတလုံးကျခဲ့တဲ့အတွက် ရဟန်းသံဃာတချို့ ထိခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု လွယ်လွမ်ကျေးရွာ ဘုန်ကြီးကျောင်းတကျောင်းမှာ လေယာဉ်ဗုံးကြဲမှုအပြီးတွေ့ရတဲ့ မြင်ကွင်း (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု လွယ်လွမ်ကျေးရွာ ဘုန်ကြီးကျောင်းတကျောင်းမှာ လေယာဉ်ဗုံးကြဲမှုအပြီးတွေ့ရတဲ့ မြင်ကွင်း (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

မူဆယ် ၁၀၅မိုင်အပါအဝင်၊ နမ့်ခမ်း၊ နမ့်ခွမ်၊ နမ့်ဆန် စတဲ့မြို့နယ်တွေကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းကနေ တရက်ကို ငါးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်၊ ဗုံးကြဲချနေကြောင်း မူဆယ်ဒေသခံ တဦးက ပြောပါတယ်။ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ မုံကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်းနဲ့ ဝန်းကျင်နေရာတွေက စစ်ရှောင်တွေဟာ မူဆယ်မြို့ပေါ်မှာ လာပြီး ခိုလှုံနေကြတယ်လို့လည်း သူကပြောပါတယ်။

"လေယာဉ်ပျံက ဂျက်ဖိုက်တာလည်းပါတယ် ရဟတ်ယာဉ်လည်းပါတယ် အစုံပဲဗျ၊ တခါပစ်ရင် တစီးကို အတွဲလိုက်ပစ်ကြတာ၊ ခန့်မှန်းရ တော်တော်ခက်တယ်။ မြို့အနေအထား မူဆယ်မြို့ပေါ်ပဲ ကျန်တာပေါ့ မြို့ပြင်နဲ့ ၁၀၅ မိုင်တော့ အကုန်စစ်ပွဲပေါ့။"

တိုက်ပွဲကာလ တလကျော်ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သား သေကြေ၊ ထိခိုက်မှုက ၃၀၀ ကျော်ရှိကြောင်း တအောင်း အရပ်ဘက်အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ရှမ်းမြောက်တခွင်မှာ အခုဆို စစ်ဘေးရှောင်က တသိန်းနီးပါး ရှိလာနေပြီဖြစ်ပြီး သူတို့လိုအပ်တဲ့ အစားအသောက်နဲ့ အရေးပေါ် အသုံးအဆောင်တွေအတွက် တရုတ်ဘက်ကနေ ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG