သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရော စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး 


မွန်ပြည်နယ် ချောင်းနှစ်ခွတံတားအနီး တိုက်ပွဲပြင်းထန် (Photo: Citizen Journalist)
မွန်ပြည်နယ် ချောင်းနှစ်ခွတံတားအနီး တိုက်ပွဲပြင်းထန် (Photo: Citizen Journalist)

ပြီးခဲ့တဲ့လထဲ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေတာ ခုချိန်ထိ နေရပ်မပြန်နိုင်ကြပါဘူး။ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရ တာဖြစ်ပြီး ဒီအချိန် ရော်ဘာအစေး ခြစ်ချိန်ဖြစ်နေပေမယ့် ဒေသခံတွေဟာ အသက်ဘေးလွတ်အောင် တိမ်းရှောင်နေရတာမို့ ရော်ဘာလုပ်ငန်းတွေလည်း မလုပ်ကိုင်နိုင်ကြဘဲ အခက်အခဲဖြစ်နေကြရတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က ပြောပြမှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့လောက်က စပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ကြားက ချောင်းနှစ်ခွကျေးရွာ တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပါဝင်တဲ့ တော်လှန်ရေး စုပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တောက်လျှောက် ဖြစ်ပွါးခဲ့တာပါ။

ခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးမှု သိပ်မရှိပေမယ့် စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ရှိနေဆဲပါ။ ဒါကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက် မနေ့ညပိုင်းမှာလည်း လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိနေသေးတယ်လို့ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ လှကဇိုင်းရွာခံတဦးက ခုလို ပြောပါတယ်။

“အခြေအနေက ပေးမပြန်သေးဘူး။ အခြေအနေက အဆင်မပြေဘူး၊ အလုံးကြီးတွေ ရွာတွေကို ပစ် ပစ်နေတယ်လေ၊ ဘယ်လိုမှပြန်နေလို့ အဆင်မပြေဘူူး။ ညကလည်း အလုံးကြီးတွေရော ဒရုန်းရော တက်သွားတာ အများကြီး၊ ဒီစစ်တပ်ဘက်က လွှတ်ထုတ်တာ။ လက်နက်ကြီးကျတော့ ဘာကြောင့် ပစ်တာလဲဆိုတော့ ကျမတို့ ရွာဘက်မှာ တော်လှန်ရေးတွေ ရှိနေတော့ အဲ့မှာ သူတို့က ပစ်ပစ်ထုတ်နေတာ။ အဲ့လိုမျိုး။”

အခုလို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ လက်ရှိချိန်မှာတော့ နှစ်ဖက် စစ်ရေးအခြေအနေက တင်းမာနေတာ ဖြစ်ပြီး ကျေးရွာတွေမှာ လုံခြုံမှုတွေ မရှိတဲ့ အတွက် နေရပ်ပြန်ဖို့ တော်လှန်းရေးတပ်ပေါင်းစုဘက်က ခွင့်မပြုသေးဘူးလို့ လည်း ပြောပါတယ်။

စစ်ပြေးဒုက္ခသည်အများစုဟာ မုဒုံမြို့နယ်ဖက်က ဘုန်းကြီးကျောင်း၊ ဆွေမျိုးနီးစပ်ရာမှာ ခိုလှုံနေကြတာရှိသလို တချို့က ရေလမ်းကြောင်းကနေ စက်လှေနဲ့ ပြေးလွှားပြီး ဝေလံခေါင်းဖျားတဲ့ဒေသတွေဆီ ပြေးရှောင်သွား နေကြပါတယ်။ စစ်ရှောင်ကူညီနေတဲ့ သံဃာတပါးကတော့ ဒေသခံတွေဟာ အခုလို တိမ်းရှောင်နေရတာ တစ်လကျော်လာပြီး ဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပွါးတဲ့ နေရာ တဝိုက်မှာ နှစ်ဖက်တပ်တွေက လမ်းကြောင်းတွေက ပိတ်ဆို့ထားတာကြောင့် သွားလာလို့ မရဘူးလို့ မိန့်ကြားပါတယ်။

“ဒီတိုင်းကြည့်ရင် သေနတ်သံငြိမ်သလိုလိုနဲ့ မငြိမ်သေးဘူးပေါ့နော်။ အသံမငြိမ်သွားဘူး ကြားနေရတုန်း ကြိုကြားကြိုကြားပေါ့။ တော်လှန်ရေးတပ်ပေါင်းကလည်း ရွာထဲမှာ ရှိတုန်းဆိုတော့ မပြန်ရဲသေးဘူး၊ ပြေးရှောင်ခဲ့တာ တစ်လနဲ့ ၃ရက် ၄ရက်ရှိသွားပြီ။ အခုပြန်တဲ့သူကလည်း စိုးရိမ်စိတ်နဲ့ပဲပေါ့။့ လမ်းပိတ်ထား တယ်လေ ဘာနဲ့ စားသောက်ကြမှာလည်း ဘယ်သူမှလည်း ဝင်ထွက်လို့မရဘူး။ နှစ်ဖက်လုံးပိတ်ထားတော့ ဘယ်မှသွားမရဘူး။” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာပါ။

ဝေလံတဲ့ ဒေသတွေဆီ တိမ်းရှောင်သွားကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာပို့ပေးလို့ အခက်ကြုံနေပြီး သူတို့လည်း စားရေးသောက်ရေး အခက်အခဲဖြစ်နေတာလို့ စစ်ရှောင်ကူညီနေတဲ့ သံဃာက မိန့်ကြားပါတယ်။

“နေစရာကတော့ အခက်အခဲမရှိကြဘူး။ ဦးဇင်းတွေ့မြင်ခဲ့သလောက်တော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် ဝေလမ်းခေါင်းဖျားတဲ့ ရွာတွေဘက်မှာ တိမ်းရှောင်နေတဲ့သူတွေအတွက်တော့ စားရေးသောက်ရေးသွားပို့ပေးဖို့ မလွယ်ဘူး၊ အခက်အခဲဖြစ်တယ်။ ကျန်တဲ့နေရာတော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် ဒီအချိန်မှာ အလုပ်ချိန်ဆိုတော့ သူတို့ရွာထဲမှာရှိနေတော့ စစ်ရှောင်တွေ မပြန်လာရဲဘူး။ ရွာပြန်ပြီး အလုပ်လုပ်လို့မရဘူးပေါ့၊ အလုပ်အကိုင်တွေပျက်လို့ အခက်အခဲဖြစ်တာပေါ့နော်။” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာပါ။

ဒီအချိန် ရော်ဘာအစေးခြစ်ချိန်ဖြစ်နေမယ့် ဒေသခံတွေ အသက်ဘေးလွတ်အောင် တိမ်းရှောင်နေရတာမို့ ရော်ဘာလုပ်ငန်းတွေလည်း မလုပ်ကိုင်နိုင်ကြဘဲ အခက်အခဲဖြစ်နေတယ်လို့ ပြောဆိုပါတယ်။ ရွာသူရွာသားတွေကတော့ သူတို့ဒေသပြန်လည်အေးချမ်းဖို့နဲ့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG