သုံးရလွယ်ကူစေသည့် Link များ

သဖန်းဆိပ်ဆည် အနောက်ခြမ်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်


စစ်ကိုင်းတိုင်း ကျွန်းလှမြို့
စစ်ကိုင်းတိုင်း ကျွန်းလှမြို့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်း လိပ်ဆင်းတောင် ကျေးရွာအနီးကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၂ ရက်နေ့ တနေ့လုံး လေကြောင်းကနေ ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လိပ်ဆင်းတောင်ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာလောက်က ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။ ဒီအကြောင်း သတင်းပေးပိုချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် မနက် အာရုံတက်ချိန် ၁၂ နာရီခွဲ ဝန်းကျင်က စပြီး စစ်ကောင်စီတပ်တွေက လိပ်ဆင်းတောင်ကျေးရွာ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ သဖန်းဆိပ်ဆည် အနောက်ဘက်က လိပ်ဆင်းတောင်၊ တပုတော၊ အေးချမ်းသာ၊ အင်လှ စတဲ့ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနက်ခင်း ၁၂ နာရီခွဲ ဝန်းကျင်တည်းကပေါ့နော် ကျွန်းလှမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု လုပ်တာပေါ့။ အဲ့ကတည်းကနေပြီးတော့မှ တပုတောရွာရဲ့ အရှေ့တောင်ဘက် အဲ့ဒီကို ဂျက်ဖိုက်တာနဲ့ တခါပစ်တာပေါ့လေ။ ဒီမနက်ပဲ ၈ နာရီ ၄၆ မှာ နောက်ထပ် တပုတောရွာရဲ့ အရှေ့ဘက်ကိုပဲ တခါ ထပ်ပစ်တာပေါ့။ အားလုံးဆိုရင် ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ နောက်ထပ် Mi 35 နဲ့ဆိုရင် အခု ၃ ကြိမ်နဲ့ဆိုရင် အားလုံး ၅ ကြိမ် ရှိသွားပြီပေါ့။”

ဒီဇင်ဘာ ၁၂ ရက် တနေ့တည်းမှာတင် စစ်ကောင်စီက ကျွန်းလှမြို့နယ် သဖန်ဆိပ်ဆည်အနောက်ဘက်က ကျေးရွာတွေကို လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်းလှမြို့နယ်ထဲ ဆည်ရဲ့ အနောက်ဘက်ခြမ်းဒေသဟာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့မရှိ ဘူးလို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံ ကိုညီက ပြောပါတယ်။

“နှစ်ဘက်ထိတွေ့မှုကတော့ မရှိဘူး၊ ဘာအကြောင်းပြချက်နဲ့ သူတို့ ဒီလိုပစ်သလဲဆိုတာတော့ ကျနော်တို့ခန့်မှန်းရတာ ခက်တယ်ပေါ့လေ။ ဒီလို နောက်ထပ်ရွာတွေနားပေါ့။ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို ပစ်တဲ့ခါကျတော့ အပြစ်မဲ့ ပြည်သူတွေရဲ့အိမ်တွေပါ ထိခိုက်တာတွေရှိတယ်လို့တော့ ကြားရတာပေါ့။”

အာရုံတက်ချိန်မှာ လေကြောင်းကနေ ပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက် မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ဒေသခံတွေဟာ ပစ်ခတ်မှုတွေကြားကနေ စစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ လိပ်ဆင်းတောင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေရတယ်လို့ ကိုညီက ပြောပါတယ်။

“အင်လှရယ်၊ လိပ်ဆင်းတောင်ရယ်၊ အေးချမ်းသာရယ်၊ တပုတောရယ်ပေါ့နော်။ ရွာ ၄ ရွာလောက်က ထွက်ပြေနေရတယ်ပေါ့။ လူဦးရေဆိုရင်တော့ ကျနော်ထင်တယ်။ ၈,၀၀၀ ဝန်းကျင်လောက် ရှိလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းတယ်ပေါ့။”

စစ်ကောင်စီရဲ့ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်မှုရှိမရှိ သေချာမသိရသေးသလို ကျေးရွာတွေအတွင်း ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ရှိသလဲဆိုတာတွေကိုလည်း အတိအကျ မသိရသေးဘူးလို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ လိပ်ဆင်းတောင်ကျေးရွာ စာသင်ကျောင်းကိုလည်း နိုဝင်ဘာလကုန်ပိုင်းလောက်တုန်းက ထိတွေ့တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ တစုံတရာ မရှိဘဲ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို သဖန်းဆိပ်ဆည်အနောက်ခြမ်းကို လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စစ်ကိုင်းတိုင်းကျေးရွာတွေကို အခြေပြုပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတာကြောင့် စစ်ဆင်နှိမ်နင်းမှုနေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက မကြာမကြာသုံးနှုန်းပြောဆိုပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုး စစ်ဆင်တာထက်၊ လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ စစ်အခြေအနေလေ့လာသူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG