သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော် ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်တွေ မကြာခဏကျရောက် လေ့ရှိတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။ ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၄ ခုနဲ့ ပလက်ဝမြို့ ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ဒေသခံ တဦးသေဆုံးပြီး ၈ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ AA ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော် က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေဟာ ဒီကနေ့အထိ ပြင်းထန်နေဆဲပါ။ မနေ့ကလည်း ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ပေါက်တောမြို့တွင်းမှာလည်း တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်ပြီး ဖြစ်ပွါးနေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ လေယာဉ်တွေ ဒရုန်းတွေနဲ့ လူနေကျေးရွာတွေ မြို့တွင်းတွေကို ပစ်ခတ်နေတယ်လို့ AA ဘက်က အခိုင်အမာ ပြောပါတယ်။ မနေ့ကလည်း စစ်တွေ၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် ကလေးတဦး သေဆုံးပြီးတော့ ၈ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်း ထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ မြို့ထဲမှာရော၊ ဝန်းကျင်ကျေးရွာတချို့မှာပါ၊ လက်နက်ကြီးကျည်ကျပြီး နေအိမ်တချို့ပျက်စီးသွားခဲ့ရတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံ တဦးက ပြောပါတယ်။

“ ပဒေသာကျေးရွာမှာတော့ တအိမ်လုံးပျက်စီးသွားတယ်၊ လက်နက်ကြီးကျတာ ပါဒလိပ်က လှမ်းပစ်တာ လို့တော့ ပြောတယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် မှာတော့ ဂူဝကျေးရွာမှာ အဲမှာလည်း အိမ်ပျက်စီးသွားတယ်၊ နောက်ပြီးတော့ ဓမ္မမာန်တိုင်ဘုန်းကြီးကျောင်းနားက အိမ်မှာ တလုံးကျတယ်၊ အိမ်ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး ဒီအတိုင်းပဲ ညဆိုရင် ပုံမှန်ပဲ လျှောက်ပစ်တာရှိတယ်။”

ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီက နေ့စဉ်နေ့တိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့ခံ တော်တော်များများ နေရပ်စွန့်ခွာထွက်ပြေးနေရသလို ဒေသခံတွေကြား ကျီးလန့်စာစားနေရတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

“ မြို့ခံတွေကတော့ တော်တော်များများ ထွက်ပြေးနေရတုန်းပဲ၊ တချို့တဝက်ကတော့ ပြေးဖို့ အဆင်မပြေတော့ အိမ်မှာ နေကြရတယ်၊ စိုးရိမ်မှုကတော့ အများကြီးရှိတာပေါ့။ ဘယ် လိုပုံစံ မျိုးလည်း မသိဘူး အခုက အင်တာနက်လည်း ရတချက် မရတချက်ဆိုတော့ သတင်း အချက် အလက်ဘာမှ မရဘူး၊ စိုးရိမ်စိတ်ကတော့ အပြည့်ရှိတာပဲ။”

ဒါ့အပြင် ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ထရွန်အိုင်ဗျူဟာကုန်းကို AA ရက္ခိုင့် တပ်တော်က သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့နယ်အတွင်းက နှုံးဗူးဗျူဟာ ကုန်း အပါအဝင် တခြားစခန်းတွေကိုAAက တိုက်ခိုက်နေတာပါ။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး မကြာခဏဆိုသလို ပလက်ဝမြို့ပေါ်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိနေဆဲပါ။

မနေ့ကလည်း ပလက်ဝမြို့ပေါ်က စည်ပင်ရုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့တာကြောင့် မြို့ပေါ်နေ ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာနေ ကြတယ်လို့ ပလက်ဝဒေသခံ တဦးကပြောပါတယ်။

“ မနေ့ကတော့ မနက် ၁၁နာရီခွဲလောက်မှာ၊ ပလက်ဝ ၂၈၉ က လက်နက်ကြီး ပထမတလုံး စပစ်တယ်၊ ဒုတိယ တလုံးကတော့ စည်ပင်ရုံး ခေါင်မိုးပေါ်မှာ ကျတော့ လူတွေ တော်တော်ထိပ်လန့်သွားကြတယ်၊ သူတို့ကတော့ သူတို့ စိတ်ထင်ရင် ထင်သလို ပစ်နေကြတာပဲဗျာ၊ တရက်ခြား လိုလို နှစ်ခြားလိုလိုအဲလိုပစ်တာဗျာ၊ တိုက်ပွဲက မဖြစ်သေးဘူး။ အဲတာတောင် လက်နက်ကြီးက မြို့ထဲကို နှစ်ခါ ကျပြီဆိုတော့ မြို့ခံတွေ တော်တော် ထိပ်လန့်နေကြတယ်ဗျာ။”

လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်း ကုန်လမ်း ရေလမ်း အဝင်အထွက်တွေကို စစ်ကောင်စီက ပိတ်ထား သလို မြို့တွင်းနေထိုင်သူတွေအနေနဲ့လည်း မြို့ပြင်ကို ထွက်ခွင့်မရှိပဲ ဖြစ်နေပါတယ်။ အခုလို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် မြို့တွင်းနေ ပြည်သူတွေရဲ့ စိုးရိမ်စိတ်က ပိုမြင့်တက်လာတာ ဖြစ်တယ်လို့ ပလက်ဝဒေသခံ တဦးကပြောပါတယ်။

“ စိုးရိမ်တာပေါ့ဗျာ ကျနော်တို့က ကိုယ့်ထမင်းကိုယ်စားပြီးတော့ ဘယ်နေ့သေရမလဲဆိုပြီး လန့်နေကြတာပေါ့ဗျာ၊ ဟိုပြေးလို့လည်းမရ ဒီပြေးလို့လည်းမရ သူတို့ လမ်းတွေ အကုန်လုံး ပိတ်ထားတော့ ကျနော်တို့ ကြောက်နေရတာပေါ့ဗျာ။ ဆိုင်ကယ်စက်နှိုး ရင်တောင် လေယာဉ်လာပြီလား ဆိုပြီး လန့်နေကြ တာပေါ့ဗျာ၊ ဘယ်လိုနေရလို့ နေရမှန်းမသိဘူး။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ AA တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သား သေဆုံးသူ ၃ဝ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူက ၁ဝဝကျော် အထိ ရှိနေတာ လည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း ရေကြောင်းတွေကနေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ လည်းရှိတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ AA အဖွဲ့အနေနဲ့ အရပ်သားတွေကို အကာအကွယ်ယူ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ကောင်စီကပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်းငြင်းဆိုထားပါတယ်။

XS
SM
MD
LG