သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ် မြို့နယ်တချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြားဒေသခံတွေ ထိခိုက်သေကြေမှုတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က နေရာတချို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဟာ ဒီကနေ့ပြင်းဆန်နေဆဲဖြစ်ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဘက်နေအိမ်တွေ၊ အဆောက်အဦးတွေကို ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

ပုဏ္ဏားကျွန်းမြို့နယ်က အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရဲရိုးပြင်ကျေးရွာမှာလည်း အိမ်ခြေ ၈ဝ ကျော် မီးလောင်ခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ကြရတယ်လို့ ဒေသခံတယောက်ကပြောပါတယ်။

“စစ်တပ်က လူပေါင်း ၅ဝလောက်တက်လာတယ်ရွာကို အဲဒီအချိန်မှာ ရွာကို ပစ်ပြီးတော့ ဝင်လာတယ်၊ ရွာမှာလူတွေတော့ မရှိတော့ဘူး၊ အဲဒီမှာ သူတို့ မီးရှို့သွားတယ်၊ အိမ်က ၈ဝကျော်လောက် ပြာကျသွားတယ်၊ ကျနော်တို့ရွာမှာ လူဦးရေး ၅ဝဝကျော် ၆ဝဝနီးပါးရှိတယ် အကုန်လုံးထွက်ပြေးနေရတယ်။ တယောက်မှမရှိတော့ဘူး ရွာမှာက။”

စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား မြေစာပင်ဖြစ်နေကြရတဲ့ ဒေသခံတွေကြား မကျေနပ်မှုတွေလည်း ရှိနေပါတယ်။

“အခုက စားစရာလည်းမရှိ နေစရာလည်းမရှိ အဝတ်အစားတွေလည်းမရှိတော့ဘူးဆိုတော့ ဝမ်းနည်းရတာပေါ့၊ သူတို့ကိုလည်း ဒေါသထွက်မိတာပေါ့၊ တိုက်ပွဲတစုံတရာရှိလို့ မီးရှို့သွားတယ်ဆိုရင်လည်း ကျနော်တို့ ဘာမှ မပြောပါဘူး။ အခုက ဘာမှတိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ လာညပီးတော့ တမင်တကာ မီးရှို့တာကတော့ တရားလွန်တာပေါ့။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့ကတည်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့က ထိုးစစ် ဆင် တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က ထရွန်အိုင်ဗျူးဟာနဲ့ နှုံးဗူးဗျုဟာ တိုက်ပွဲတွေဟာလည်း ဒီကနေ့အထိ ပြင်းထန်နေတာပါ။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ပလက်ဝမြို့နယ်အတွင်းမှာတနေ့ကို လေယာဉ်နဲ့ အကြိမ် ၃ဝထက်မနည်း ဗုံးကြဲတိုက်ခိုက်တာရှိပြီး မနေ့ကတော့ ထရွန်အိုင်ကျေးရွာကို မီးရှို့ခဲ့တယ်လို့ ထရွန်အိုင်ဒေသခံတဦးကပြောပါတယ်။

“မီးလောင်သွားတာက ထရွန်အိုင်အောက်ရွာ ထရွန်အိုင်ရွာကတော့ အရင်ကတည်းကနေ လောင်ပြီးသားဗျာ၊လက်နက်ကြီးကျလို့ ဗုံးကျလို့ ရွာအပေါ်ပိုင်းရယ် ရွာအောက်ဖက်ပိုင်း ရယ်တော်တော်လောင်သွားပြီ၊ ရွာသားတွေကတော့ ၁၄ရက်နေ့ကတည်း ကနေထွက် ပြေးသွားကြပြီ။ စဖြစ်တဲ့နေ့ကနေ မနေ့ကအထိ လေယာဉ်က တရက်လို့ ကြိမ် ၃ဝလောက် လာပြီးတော့ ဗုံးကြဲတာပေါ့။”

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ထရွန်အိုင်ဗျူးဟာနဲ့ နှုံးဗူးဗျုဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရက်ပေါင်း ၂ဝကျော်အထိရှိလာပြီး ထိုးစစ်အရှိန်မြင့်တက်လာနေသလို စစ်ကောင်စီရဲ့ခုခံစစ်မှာ လည်း အမြင့်ဆုံးအချိန်ရောက်နေပြီး မနေ့ကတရက်တည်းမှာတင် စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၃ဝကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

AA အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ရခိုင်မြောက်ပိုင်းက အရပ်ဖက် နေအိမ်တွေ၊ အဆောက်အဦးတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေ ရဟတ်ယာဉ်တွေ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ပစ်ခတ်တာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်မှာ AA အဖွဲ့က အရပ်သားတွေကို အကာအကွယ်ယူ တိုက်ခိုက်တာတွေရှိကြောင်း စွပ်စွဲထားတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁ ရက် သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၀ ထက်မနည်း သေဆုံးပြီး ၈၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစ ပေါက်တော၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက အများစု အပါအဝင် ၆၉၀၀၀ ကျော် လတ်တလော နေရပ်စွန့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG