သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်ပြာကျ


ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်ကျွမ်းနေစဉ် (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်ကျွမ်းနေစဉ် (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ မြို့မဈေးတခုလုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့မှာ အပြန်အလှန် တိုက်ပွဲမရှိပေမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတဲ့ အတွက် ဒေသခံတဝက်လောက်ဟာလည်း ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော် က ပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်လို့ မြို့မဈေးပေါ် ကျရောက်ပြီး ဈေးတခုလုံး မီးလောင်ပြာကျ ခဲ့တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

"ဒီနေ့လည်း မီးလောင်းဗုံးနဲ့ လှမ်းပစ်လိုက်တာ ဈေးထဲကိုကျပြီး တအောင့်လေးပဲ ကြာတယ်၊ ချက်ချင်း မီးထလောင်တာ။ ဈေးက တခုလုံး အကုန်ပါသွားတယ်။ လူနေအိမ်တွေတော့ ဘာမှမဖြစ်ဘူး။ ပစ္စည်းဆုံးရှုံးမှု တန်ဖိုးကတော့ ပြောလို့မရသေးဘူး။ ဈေးဆိုင်တွေ၊ ရှိသမျှ ဝန်တွေအကုန်လုံး ပါသွားတယ်။ မီးသတ်ကားက အလုံအလောက်ရှိတယ်။ စစ်တပ်က မီးသတ်မှာ နေရာယူထားတော့ မီးသတ်ကား ထွက်ခွင့်မပေးဘူး။ ဘုန်းကြီးကျောင်းမှာ ရောင်းထားတဲ့ မီးသတ်ကား ၂ စီးပဲ ထွက်ခွင့်ပေးတယ်။ ကျန်တဲ့ကား တစီးမှ ထွက်ခွင့်မပေးဘူး။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရာတချို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်တာတွေ ရှိပေမယ့် အခု လက်နက်ကြီးကျရောက်တဲ့ ပုဏ္ဏားကျွန်းမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၃ ရက်၊ ကြာသပတေးနေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တချို့ ပျက်စီးသွားပြီး၊ ဒေသခံတွေကလည်း ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

"ပုဏ္ဏားကျွန်း မြို့ပေါ်မှာက လူဦးရေ တဝက်လောက်ပဲရှိတယ်။ အကုန်ထွက်ပြေး နေကြတာ။ မီးသတ်ကားကလည်း ၂ စီးပဲရှိတယ်။ ရှိတဲ့လူနဲ့ မီးငြှိမ်းလိုက်တာ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ မနေ့ကလည်း မြို့ထဲကို တလုံးကျတယ်။ ဘုန်းကြီးကျောင်းမှာ ၃ လုံးကျတယ်။"

တိုက်ပွဲမရှိဘဲ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း တွေလည်း ထိခိုက်ပျက်စီးတာ ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့နယ် တွေမှာ တော့ စစ်ကောင်စီတပ်တွေနဲ့ AA အဖွဲ့ကြား အပြန်အလှန် တိုက်ပွဲပြင်းထန်နေ ဆဲပါ။

ပေါက်တောမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ ကတည်းက စစ်ကောင်စီဘက်က ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲတာတွေ ရှိနေလို့၊ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ကို ဆက်လက် ကြိုးပမ်းနေတယ်လို့ AA ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အဖမ်းဆီးခံထား ရသူတွေထဲက ၂၂၄ ဦးကို နိုဝင်ဘာလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၃ ရက် မနေ့တုန်းကပဲ သတင်းထုတ်ပြန်ထားတာပါ။

ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုဝင်ဘာ ၂၂ ရက်နေ့မှာပဲ လူသားဒိုင်းအဖြစ် ပြန်ပေးဆွဲတာမျိုး မရှိကြောင်း ပြောပါတယ်။

"ပေါက်တောမှာ မနေ့က (နိုဝင်ဘာ ၂၁) စပြီးတော့ လုံခြုံရေးအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်တာမျိုး ရှိခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေတဲ့နေရာသည် လူနေရပ်ကွက် နေရာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ လုံခြုံရေး နေရာမှာသာ နေထိုင်ခြင်း ဖြစ်ပါတယ်။ ပေါက်တောမှာ ယခင်ကတည်းက အတိုင်းပဲ ဒေသခံတွေက သူ့အိမ်နဲ့သူ နေကြခြင်း ဖြစ်ပါတယ်။ ဒါတွေကို AA အနေနဲ့ ဒီနေရာတွေကို ဝင်ရောက်နေရာ ယူနိုင်ဖို့အတွက် ဒေသခံတွေကို နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှင်ထုတ်ခဲ့တာကို ပြောင်းပြန်လှန်ပြီး ဓားစာခံအနေနဲ့ သုံးနေတဲ့သူတွေကို ကယ်ထုတ်ဆိုပြီးတော့ လုပ်ကြံသတင်း ထုတ်ပြန်ပြီးတော့ ဝါဒဖြန့်မှုမျိုး ဖြစ်ပါတယ်။"

အခု ပုဏ္ဏားကျွန်းမှာတော့ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့မဈေးပေါ် ကျရောက်လို့ ဈေးတခုလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG