သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီမြို့နယ် လိုင်လင်းပီမြို့ကို  ချင်းကာကွယ်ရေးတပ်တွေ သိမ်းယူ


မတူပီမြို့နယ် လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးတပ်တွေ သိမ်းယူ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
မတူပီမြို့နယ် လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးတပ်တွေ သိမ်းယူ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

မြန်မာ-အိန္ဒိယ နယ်စပ်၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ က စစ်ကောင်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာလည်း စစ်တပ် တပ်စွဲထားတဲ့နေရာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက် ခဲ့ပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပါမယ်။

မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိတဲ့ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၄ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၂၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်သလို မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းတွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲ အတွင်း စစ်တပ်ဘက်က တပ်ရင်းမှူး အဆင့်ရှိတဲ့ ဗိုလ်မှူးတဦး အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတခုကို စီအန်အေနဲ့ ဒေသကာကွယ်ရေး တပ်တွေ ကျွန်တော်တို့ ဒီမနက်မှာပဲ အပြီးအစီး ဝင်သိမ်းနိုင်ခဲ့တာပေါ့။ အဓိကက ကျွန်တော်တို့ ဒီလ ၁၉ -၂၀ ကနေ စပြီး အဲ့ဒီ့မြို့သိမ်းတိုက်ပွဲကို အဲ့ဒီ့မှာ ၃ ရက်လုံးလုံး လေကြောင်းတိုက်ခိုက်မှုတွေ ၁၅ ကြိမ်လောက်ပြုလုပ်တယ်။ အဲ့ဒီ့တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ၂ ယောက်ဒဏ်ရာရတယ်။ ပြီးတော့ သူတို့ဘက်ကလည်း အကျအရှုံးရှိတယ်။ ဗိုလ်မှူးစိုးဝင်းထိုက်ကတော့ ကျသွားတာ သူ့အလောင်းကို တွေ့ပြီ။ သူ့အလောင်းနဲ့ ကျန်တဲ့၊ အဆင့်တော့မသိဘူး၊ ၂ လောင်းတော့ ကျွန်တော်တို့ ရပြီပေါ့နော်။ စိုးဝင်းထိုက်ကတော့ သေချာတယ်။ အဲ့ဒါနဲ့ ၂ ယောက်။ ရှင်းလင်းတဲ့အချိန်မှာ သေကြတယ်။ တပ်ရင်းမှူးကတော့ သေချာတယ်။ ဘာလို့ဆိုတော့ မြို့ခံပြည်သူတွေက သူ့ကိုကောင်းကောင်း သိကြတော့ သေချာတယ်။”

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း နေအိမ်အချို့ပျက်စီးခဲ့ပြီး အရပ်သား ၁ ဦးလည်း သေဆုံးရသလို ၁ ယောက် ဒဏ်ရာရရှိခဲ့ တယ်လို့လည်း ပြောပါတယ်။ လိုင်လင်းပီမြို့ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မှာ ရှိတဲ့ မြို့တမြို့ဖြစ်ပြီး ချင်းပြည်နယ် မြောက်ပိုင်းအတွက် အဓိက ဗျူဟာကျတဲ့ မြို့တမြို့ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

လိုင်လင်းပီမြို့ဟာ ချင်းပြည်နယ်မှာ ရိခေါ်ဒါရ်ပြီးရင် ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်လာနိုင်တဲ့ ဒုတိယမြောက်မြို့ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဆာဆာရဲ့ မွေးဖွားရာ ဇာတိလည်းဖြစ်ပါတယ်။

ဒါက ချင်းပြည်နယ်က အခြေအနေပါ။

စစ်ကိုင်းတိုင်း ရေဦးမြို့နဲ့ ၇ မိုင်နီးပါး ကွာဝေးတဲ့ ကန့်ဘလူနယ်စပ်က အောင်သာယာ ကျေးရွာကိုတော့ နိုဝင်ဘာ ၂၄ ရက် မနက်လင်းအားကြီး အချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာလည်း ဖြစ်ပါတယ်။

စစ်တပ်ဘက်က လေကြောင်းကနေ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီပစ်ခတ်မှုတွေကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မနက်ခင်းကတည်းက ဝင်ပြီး စတိုက်ကြတာခင်ဗျ။ စခန်းသိမ်းကာနီးမှာ လေယာဉ်လာပစ်သွားတယ်။ လေယာဉ်နဲ့လာပစ်ချိန်မှာ ပြည်သူတွေလည်း အကုန်ရှောင်နိုင်ခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော် ၃ ယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာ ထိတယ်ကြားတယ်။ ရွာပေါင်း ၁၃ ရွာက လူဦးရေ ၁ သောင်းလောက်ကတော့ တိမ်းနေကြရတယ်။”

အောင်သာယာကျေးရွာဟာ ရေဦးမြို့နယ်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံတဲ့ ပျူစောထီးတွေ အများဆုံးရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ ဒီရွာကို ၂ နာရီနီးပါး တိုက်ခိုက်ခဲ့ရသလို ကန့်ဘလူ- ကာဘိုး ကျေးရွာ မှာ အထိုင်တပ်စွဲထားတဲ့ စစ်တပ်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ပြန်လည် ဆုတ်ခွါခဲ့တယ်လို့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG