သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ပညာရေးလုပ်ငန်းတွေရပ်ဆိုင်း


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

စစ်ကောင်စီနဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ပညာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။ စစ်ကောင်စီ အာဏာပိုင်တွေက ပညာရေးလုပ်ငန်းတွေ ပုံမှန်အတိုင်းလုပ်ဖို့ ဖိအားပေးနေပေမဲ့ လုံခြုံရေးအတွက် ဝန်ထမ်းတွေ စိုးရိမ်နေကြသလို၊ ဒေသခံတွေလည်း တိမ်းရှောင်နေကြတာပါ။
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုစံကျော် ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ပညာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ကျောင်းတွေကို ပညာရေးဌာနက တရားဝင်ပိတ်ထားတာမျိုးမဟုတ်ပေမဲ့ လုံခြုံရေးစိုးရိမ်မှုနဲ့ ကန့်သတ်မှုတွေကြောင့် ကျောင်းသားတွေနဲ့ ဆရာတွေ ကျောင်းတက်ဖို့ခက်ခဲနေကြတာပါ။
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာဆိုရင်လည်း စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် တမြို့လုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို စာသင်ကျောင်းတွေအကုန်လုံးပိတ်ထားရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ တမြို့နယ်လုံးကကျောင်းတွေရော မြို့ပေါ်ရော နယ်ရော အကုန်လုံးက ကျောင်းတွေကို ပိတ်ထားရတယ်၊ ဘယ်သူမှလည်း ကျောင်းမတက်ရဲဘူး၊ ပြီးရင် ရသေ့တောင် မြို့ပေါ်မှာ တောင်မှ လူမရှိတော့ဘူး။ နယ်တွေမှာလည်း လက်နက်ကြီးကျလို့သေကြတယ် ပစ်နေကြ တယ်ဆိုတော့ ဘယ်သူက ကျောင်းတက်မှာလည်း ဘယ်သူက စွန့်ပြီးတော့ ကျောင်းသွားပြရဲ မှာလည်းပြီးတော့ ဘာအာမခံချက်မှလည်းမရှိဘူး ဟိုတနေ့ကဆိုရင်လည်း ရသေ့တောင်မြို့ နယ် ပညာရေးမှူးရုံးက ဝန်ထမ်းတယောက် သူ့ဆိုင်ကယ်နဲ့သူလာတာ သူတို့ကိုတောင်မှ
အဲဒီ စစ်ဆေးရေးဂိတ်တွေက ဖြတ်ခွင့်မပေးဘူး။ ”

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို စစ်ကောင်စီရဲ့ လေကြောင်း ရေကြောင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကတော့ ပြည်နယ်၊ ခရိုင် မြို့နယ်စတဲ့ ပညာရေးရုံးတွေနဲ့ အခြေခံပညာကျောင်းတွေမှာ ရှိတဲ့ ဝန်ထမ်းတွေအားလုံး မပျက်မကွက် ကျောင်းတက်ကြဖို့နဲ့ ရုံးလုပ်ငန်းစဉ်တွေပုံမှန်ဆောင်ရွက်ဖို့ ပြည်နယ်ပညာရေးမှူးရုံး က ထုတ်ပြန်ထားတာပါ။
အခုလို ပြည်နယ်ပညာရေးမှူးရုံးရဲ့ထုတ်ပြန်ချက်အပေါ် ကျောက်တော်မြို့နယ် ကပညာရေး ဝန်ထမ်းတဦးကအခုလိုပြောပါတယ်။

“ ကျမတို့ပြောချင်တာက ကျမတို့ကို အသက်အာမခံချက်ပေးနိုင်လား ပေးနိုင်ရင်တော့ ကျမတို့ တက်နိုင်တယ်၊ နောက်တခုကတော့ ကျောင်းသွားတဲ့ လမ်းတွေမှာ ရဟတ်ယာဉ်တွေနဲ့ ပစ် တာတွေရှိတယ်။ တပ်တွေက လမ်းပိတ်တာတွေရှိတယ် လက်နက်ကြီးတွေ ကျတဲ့ရွာတွေ ရှိ တယ်ပေါ့၊ ညီမတို့သွားတဲ့ ရွာလမ်းမှာလည်းရှိတယ်ပေါ့”

ကျောက်တော်မြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်အခဲရှိတယ်လို့လည်း ဒေသခံ ကျောင်းဆရာမတဦးကပြောပါတယ်။

“ စာသင်ကျောင်းတွေကတော့ ကျောင်းတွေဖွင့်ရမယ်ဆိုပြီးတော့ ရုံးတွေက ပြောလာ တာရှိတယ်။ဒါပေမယ့် ကျမတို့ တရက်တော့ သွားခဲ့တယ် ကျောင်းသားတွေမရှိဘူး ရွာမှာကို လူမရှိတာ။ ကလေးတွေလည်းမရှိဘူး ပြီးတော့ လမ်းတွေကလည်း မလုံခြုံဘူး၊ အသက် အာမခံချက်ဘယ်သူပေးမှာလဲပေါ့၊ လမ်းတစုံတရာဖြစ်သွားရင် အဲတာကြောင့် ဆရာမတွေ ရှောင်နေရတာရှိတယ်၊ နည်းနည်းအဆင်ပြေတဲ့ ရွာတွေမှာတောင် ကျောင်းသားတွေ မရှိဘူးပေါ့။”

အခု တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေပိတ်ထားရတာကြောင့် ကျောင်းသူ ကျောင်း တွေရဲ့ အနာဂတ်အတွက် နစ်နာမှုရှိတာကြောင့် တိုက်ပွဲတွေကို ရပ်တန့်စေချင် တယ်လို့လည်း ရသေ့တောင်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တဦးက ပြောပါတယ်။

“ ရသေ့တောင် အတိုင်းအတာအရဆိုရင် အခုလက်ရှိတော့ မြို့နယ်ပညာရေးမှူးတွေ ဘာတွေရှိတယ်၊ ဒီနေ့ လစာထုတ်ပြီးရင် သူတို့လည်း ရှိချင်မှရှိတော့မယ် သူတို့လည်း အသက်အန္တရာယ်အရ စိုးရိမ်ရတယ်လေ၊ အခုလို ကျောင်းတွေ ပိတ်ထားရတော့ ကလေး တွေအတွက် အများကြီးနစ်နာတာပေါ့၊ ကိုဗစ်နဲ့လည်းတခေါက် ကလေးတွေ အခက် အခဲဖြစ်ပြီးပြီ အခုဒီတခေါက် စစ်ပွဲနဲ့ဆိုရင်တော့ ကလေးတွေလည်း တော်တော်ကို နစ်နာမှာ အနာဂတ်မျိုးဆက်သစ်တွေအတွက် မတွေးဝံ့စရာပါပဲ ဒါ့ကြောင့် ဒီတိုက်ပွဲတွေကို အတတ် နိုင်ဆုံး ရပ်စေချင်တယ်ပေါ့။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့ကတည်းက စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒီကနေ့ အထိနှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေသလို သိန်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။

ပေါက်တောမြို့ပေါ်မှာဆိုရင်လည်း ပိတ်မိနေတဲ့ ပြည်သူတွေကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ကယ်ထုတ်နေတာတွေရှိသလို စစ်ကောင်စီဖက်က ပစ်ခတ်မှုတွေကြောင့် မြို့မီးလောင်တာတွေ လည်းရှိ တယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့မှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ကြောင်း မနေ့တုန်းကပဲ သတင်းထုတ်ပြန်ထားတာပါ။စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ ကုန်လမ်းရေလမ်းတွေကို ပိတ်ဆို့ပြီးတော့ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာပြတ် လပ်မယ့်အနေအထားရှိနေတယ်လို့လည်း ရခိုင်ဒေသခံတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG