သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA တပ်ဖွဲ့ တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်တယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကိုတော့ မမြသဇင်အောင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက် ကိုင်AAအဖွဲ့ကြား ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ရေကြောင်း လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ကပြောဆိုကြ ပါတယ်။

ပေါက်တောမြို့ပေါ်မှာဆိုရင် ပိတ်မိနေတဲ့ ပြည်သူတွေကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က ကယ်ထုတ်ဖို့ကြီးစားရင် ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၁ရက်နေ့ကနေ ဒီကနေ့ တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေတာပါ။ပေါက်တောမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့တွင်းမီးလောင်နေတာတွေကို တွေ့ရတယ်လို့လည်း ပေါက်တောဒေသခံတဦးကပြောပါတယ်။

“ ပေါက်တော တိုက်ပွဲကတော့ ၂၁ရက်နေ့က စတာပေါ့နော်၊ အဲဒီနေ့ကတည်းက ဒီနေ့အထိ နေ့တိုင်း နေ့ကောညပါမပျက်ဘူးတိုက်ပွဲတွေ ရှိနေတယ်၊ ဒီကနေ့ ဆိုရင်လည်း မနက်ပိုင်း ၁ဝနာရီလောက်ကနေ တိုက်ပွဲသံတွေကြားတယ် အခုတော့ ငြိမ်နေတာပေါေ့နာ်။ မနေ့ကလည်း ဒရုန်းနဲ့ရော တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ရော မြို့ကို လာပြီးတော့ ဗုံးကြဲတာတွေရှိတာပေါ့နော်၊ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်၊ မီးလောင်တာတွေ လည်းရှိတယ်၊ ဟိုရက်ကဆိုရင် နေဗီကနေ အဆက်မပြတ် လက်နက်ကြီးတွေ ပစ်တယ်၊ တောက်လျောက်ပဲဗျာ နေဗီ၄စီးလောက်က ပစ်နေတာ၊ မီးတွေလောင်တယ် ဆိုတော့ ဈေးတခုလုံး လောင်သွားပြီလို့ကျနော်တို့ ထင်ရတယ်၊နောက် ဟိုနားတခု ဒီနားတစု မီးလောင်နေတာရှိတာပေါ့နော်။”

ပေါက်တောမြို့မှာပိတ်မိနေသူတွေထဲက ရာနဲ့ချီတဲ့ ဒေသခံတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကကယ်ထုတ်နိုင်ပြီး လက်ရှိမှာတော့အနည်းအကျင်းလောက် သာကျန်တော့ တယ်လို့လည်း ပေါက်တောဒေသခံကဆက်ပြောပါတယ်။

“ကျနော်တို့ အထင် အများစုက လွတ်သွားကြပြီ AA က ပထမ တသုတ်ကယ်တယ်။ ၁ဝဝကျော် နောက်တသုတ် ၁ဝဝကျော် နောက်ရက်တွေမှာလည်း နေ့တိုင်းပဲ သူတို့ အခွင့်ရေးရရင် ရသလို ကယ်ထုတ်နေကြတာပေါ့နော်၊ အများစုက လွတ်သွားပြီထင်ပါတယ်၊ ဒါပေမယ့် ၁ဝဝနီးပါး ၅ဝဝန်းကျင်လောက်ကတော့ မြို့ထဲမှာ ကျန်နေအုံးမယ်ထင်ပါတယ်ဗျာ။”

ဒါ့အပြင့် ပြီးခဲ့တဲ့ သောကြာနေ့က လက်နက်ကြီးကျပြီး ဈေးတခုလုံးပြာကျသွားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာရှိသလို အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ပုဏ္ဏား ကျွန်းဒေသခံတဦးကပြောပါတယ်။

“ လက်နက်ကြီးတွေရော သေနတ်သံတွေက ညပိုင်း ၆နာရီလောက်ဆိုရင် တောက်လျောက် ပစ်နေတာ၊ နေ့လည်ဆိုရင်လည်း သူတို့ ပစ်ချင်ရင် ပစ်တယ်၊ ဒီနေ့ ၁၁နာရီလောက်ကစပြီး တောက်လျောက်ပစ်တယ်၊ မနေ့ကတော့ နယ်ဘက်က စစ်တွေနဲ့နီးတဲ့ ရွာမှာတော့ လက်နက်ကြီးကျပြီး ၄ယောက်လောက် ဒဏ်ရာရတယ်လို့ ကြားတယ်၊ မြို့ပေါ်မှာက လူမရှိသလောက်ဖြစ်နေပြီ အပိုင်းတပိုင်းမှာ လူတယောက်စ ၂ယောက် စလောက်ပဲရှိတော့တာ ကျန်တဲ့ သူတွေ အကုန်လုံးက နယ်တွေကို ထွက်ပြေးနေကြတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပုဏ္ဏားကျွန်းမှာ ဒေသခံတွေကို AA အဖွဲ့က နှင်ထုတ်တာတွေ ရှိနေတယ်လို့ မနေ့တုန်းကပဲ စွပ်စွဲပြောဆိုထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ ထရွန်အိုင်ဗျူးကုန်းနဲ့ နူးဗူးဗျူဟာကုန်းကို ရခိုင်လက်နက်ကိုင်AAအဖွဲ့က နိုဝင်ဘာလ ၁၄ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ AA အဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားတာပါ။

တိုက်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ကတည်း ရခိုင်ပြည်တွင်းရှိ ကုန်းလမ်းရေလမ်း သွားလာမှုတွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒေသတွင်း ခရီးသွားလာရေးနဲ့ စားနပ်ရိက္ခာ အခက်ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည်ပေါ်ပေါက်နေပြီး နိုဝင်ဘာလလယ်ကစ နောက်ထပ်နေရပ်စွန့်ခွာရသူ ၂ သောင်းကျော် ရှိတယ်လို့လည်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG