သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်၊ ပေါက်တောမြို့ကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက် 


စစ်ကောင်စီရဲ့ Yak 30 တိုက်လေယာဉ် (ယခင်ပုံဟောင်း)
စစ်ကောင်စီရဲ့ Yak 30 တိုက်လေယာဉ် (ယခင်ပုံဟောင်း)

ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့လည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွါးနေပါတယ်။ ပေါက်တောမြို့ပေါ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း ရေကြောင်းတွေကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ နောက်ဆုံးရ ရခိုင် တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဆီကနေ စစ်ကောင်စီ ပြန်လည်သိမ်းယူထားတဲ့ ရခိုင်မြောက်ပိုင်း ပေါက်တောမြို့ပေါ်မှာ ဒီကနေ့ နေ့လည် ၁၂နာရီကျော်လောက်က နှစ်ဘက်အပြန်အလှန် တိုက်ပွဲပြင်းထန် နေတယ်လို့ ပေါက်တော ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဘက်က တော့ လက်နက်ကြီး လက်နက်ငယ်တွေ အပါအဝင် ရေကြောင်း လေကြောင်းတွေကပါ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ပေါက်တောမြို့အနီးမှာ ရောက်နေတဲ့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ နေ့ခင်းဘက် ၁၂နာရီလောက်မှာ နှစ်ဘက် တိုက်ပွဲ ဖြစ်ကြတယ်လို့ အဲဒီမှာ နေဗီကနေ လက်နက်ကြီး တွေ လှမ်းပစ်တယ်၊ သိပ်မကြာဘူး နာရီဝက် ကျော်ကျော်လောက်မှာ စစ်တွေဘက်ကနေ ရဟတ်ယာဉ် တစီးရောက်လာပြီးတော့ မြို့အနှံ့ ပတ်ပြီးတော့ စစ်သေနတ်တွေနဲ့ လှမ်းပစ်တယ်၊ ဗုံးတွေလည်း ကြဲတာရှိတယ်၊ တောက်လျောက်ပဲ ၁၂ နာရီကနေ ပစ်တာ ။ ရဟတ်ယာဉ်က ၂နာရီလောက်မှာ ပြန်သွားတယ်။ အခုထပ်ရောက်နေပြန်ပြီ ၃နာရီခွဲ ကျော်ကျော်လောက်မှာ ပြန်ရောက်တာပေါ့နော်၊ အခုလည်း ရဟတ်ယဉ်နဲ့ ပစ်နေတာ မြို့အနှံ့ပေါ့လေ မြို့တွင်းတွေလည်းပစ်မယ်ထင်ပါတယ်။”

ပေါက်တောမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက မြို့ခံ တော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေးသွားနိုင်ပေမယ့် မြို့တွင်း ပိတ်မိနေ သူတွေ လည်း ကျန်ရှိနေသေးတာပါ။

ပေါက်တောမြို့ အနီးအနား ကျေးရွာမှာနေတဲ့ ဒေသခံတဦးကတော့ အခုလို တိုက်ပွဲတွေ ပြင်းထန်နေ တာကြောင့် ပြေးစရာနေရာလည်း မရှိတော့သလို ဒေသခံတွေလည်း တော်တော်စိုးရိမ် ကြောက်လန့် နေကြ တယ်လို့ ပြောပါတယ်။

“ စိုးရိမ်ကြောင့်ကြမှုတွေကတော့ တအားရှိတယ်၊။ ရပ်သူ ရွာသားတွေလည်း တအားကြောက် နေကြတာ၊ တိုက်ပွဲတွေလည်း တအားဖြစ်တော့ ကြောက်ရတာပေါ့။ ရွာသားတွေမှာလည်း ခိုလုံစရာ လည်းမရှိ စားစရာလည်းမရှိ အခက်အခဲတအားဖြစ်နေတာလေ၊ လက်နက်ကြီး ကျမှာကိုလည်း စိုးရိမ်တယ် လေယာဉ်နဲ့ ပစ်မှာကိုလည်း စိုးရိမ်တယ်၊ ပုန်းစရာ ခိုလုံစရာ လည်းမရှိဘူးလေ။”

ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ကလေးတွေ ကိုယ်ဝန် ဆောင် မိခင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေလည်း ပါဝင်နေတာဖြစ်ပီး စစ်ကောင်စီ က သူတို့ကို အပြင်ထွက်ပြေးခွင့်ပိတ်ထားတာ လည်းဖြစ်ပါတယ်။ လက်ရှိပေါက်တောမြို့ပေါ်မှာ တိုက်ပွဲ တွေ ပြင်းထန်နေတာကြောင့် ပိတ်မိနေသူအတွက် အသက်အန္တရာယ်စိုးရိမ်ရ တဲ့အတွက် စစ်ကောင်စီအနေနဲ့ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ပြန်လွတ်ပေးသင့် တယ်လို့ လည်း အနီးအနား ကျေးရွာတခုကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပေါက်တောဒေသခံ တဦးက ပြောပါတယ်။

“ မြို့ပေါ်မှာ ပိတ်မိနေတဲ့ သူတွေ ရာချီရှိနေသေးတယ်၊ဒီလူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ပါတယ်၊ ကလေးတွေ ပါတယ် ကျနော်တို့ သိရသလောက် ဖမ်းထားတဲ့ ထဲမှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေပါတယ်၊ ဆရာ ဆရာမတွေပါတယ် အစိုးရဝန်ထမ်းတွေပါတယ်။ လသားအရွယ် ကလေးငယ်တွေပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေပါတယ်၊ ဒီဟာတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ လိုတယ်၊ စစ်ကောင်စီက မြို့ထဲမှာ ခြေကုတ်ယူနေတာပေါ့လေ၊ ဒါကအရပ်သားပြည်သူတွေကို ဒိုင်းကာလုပ်ပြီးတော့ ကာကွယ်ယူပြီးနေနေတယ်၊ ဒီလူတွေကို အမြန်ဆုံးအပြင်ထုတ်ပေးဖို့ လိုတယ်။ ဖမ်းထားတဲ့သူတွေကို ချက်ချင်းလွတ်ပေးဖို့လိုတယ် အခုဆိုရင် မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်နေပြီ ဒီလူတွေ အချိန်မရွေး အသက်အန္တရာယ် အတွက် စိုးရိမ်ရ တယ်၊ ဒါတွေက တော်တော်စိုးရိမ်ရ ပါတယ်။”

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီးတော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ဖက်က တစုံတရာထုတ်ပြန်ထားတာမရှိသေးပေမယ့် စစ်ကောင်စီဖက်ကတော့ ဒီရက်ပိုင်း ရခိုင်ပြည် နယ်မှာ တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ ပြောဆိုထားတာရှိပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက် နေ့ကတည်းက တကြောပြန်တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အထိလည်း ပေါက်တော အပါအဝင် မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၂ သောင်း ကျော်အထိ ရှိနေသလို သေဆုံး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတာပါ။

ဒါ့အပြင် တိုက်ပွဲစဖြစ်တဲ့ နေ့ကတည်းက ဒီကနေ့အထိ စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုကိုရော ကုန်းလမ်း ရေလမ်း သွားလာရာ လမ်းကြောင်းအားလုံးကို ပိတ်ထားတာကြောင့် ဒေသခံတွင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG