သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ နှုံးဗူးဗျူဟာကို AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နှုံးဗူးကျေးရွာမှာ ပိတ်မိနေသူ တချို့ရှိသလို အနီးအနားကျေးရွာက ဒေသခံလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပေါက်တောမြို့နယ်မှာလည်း နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ် နေတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော် ကတင်ပြပေးပါမယ်။

စစ်ကောင်စီရဲ့ ပလက်ဝမြို့နယ်က ထရွန်အိုင်ဗျူဟာကုန်းကို AA ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်နေ့က သိမ်းပိုက်ခဲ့တာပါ။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပလက်ဝမြို့ နယ်က နောက်ထပ်ဗျူဟာ ကုန်းတခုဖြစ်တဲ့ နှုံးဗူးဗျူဟာကုန်းကို AA ဘက်က အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ AA ဘက်ကထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပလက်ဝမြို့နယ်က နှုံးဗူးဗျူဟာကုန်းမှာ တိုက်ပွဲဖြစ်နေတယ်လို့ မနေ့ကပြောဆိုထားပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် နှုံးဗူးဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို ကျေးရွာတွေ အတွင်းမှာ ပိတ်နေသူ တွေလည်းရှိနေသေးတယ်လို့ နှုံးဗူးကျေးရွာ အနီးအနားက ဒေသခံတဦးကပြောပါတယ်။

“မနေ့ကစပြီးတော့ တိုက်ပွဲက အပြင်းအထန်ပါပဲ၊ ခုနားက လေယာဉ်က လာပြီးတော့ ပြန်သွားတယ်၊ လောလောဆယ်တော့ ပစ်ခတ်သံတော့ မကြားသေးဘူး၊ နေ့တိုင်းပါပဲ မနေ့က ဆိုရင် တရက်လုံးလုံးပါပဲ၊ ည၁ဝနာရီအထိ ဖြစ်တယ်၊ လေယာဉ်သုံးစင်း ဟတ်စကီးတစီးရယ် ဂျက်တစီးရယ်၊ တိုက်လေယာဉ်တစီးရယ်၊ အောက်နှုံးဗူးနဲ့ အထက်နှုံးဗူး ကျေးရွာတွေကတော့ အကုန်လုံးပြေးနေရတယ်၊ ဒါပေမယ့် ရွာမှာ လူကျန်သေးတယ် ပိတ်မိနေတာပေါ့။”

ဒါ့အပြင် စစ်ကောင်စီလေကြောင်းကနေက ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်း ကျန်နေသူတွေအပြင် အနီးအနားကျေးရွာက ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ နှုံးဗူးကျေးရွာအနီး အနားက ဒေသခံတဦးကပြောပါတယ်။

“ စိုးရိမ်တာပေါ့ဗျာ၊ ကျနော်တို့ဆီမှာဆိုလို့ရှိရင် အပေါ်ကနေ ပစ်တဲ့အခါ ကျည်ဆံတွေဘာတွေ ကျမလား၊ အောက်က ပစ်လို့ကျမလား၊ တချို့က ကျည်ခွံတွေကျတယ်လေ၊ အောက်ကနေလည်း လေယာဉ်ကို ပစ်တာကို၊ အဲကျည်ဆံတွေက ရွာနားကိုလည်းကျတယ် ရွာထဲကိုလည်းကျတယ်။ကျနော်တို့ စိုးရိမ်တာပေါ့ ဘေးအန္တရာယ်မဖြစ်ဖို့ ပြေးလို့လည်းမရဘူးလေ ပြေးဖို့နေရာလည်းမရှိဘူးလေ။”

ပလက်ဝမြို့နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ဒေသတွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ်လာနေတယ်လို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ရခိုင်မြောက်ပိုင်းက ပေါက်တောမြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို AA ရက္ခိုင့် တပ်တော်က ကယ်ထုတ်ဖို့ကြိုးစားနေဆဲဖြစ်သလို နေ့တိုင်းနီးပါး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပေါက်တောဒေသခံ တဦးကပြောပါတယ်။

“ ပေါက်တောမြို့ပေါ်တိုက်ပွဲကတော့ နေ့တိုင်းရှိနေတယ်၊ မနေ့ကညရယ် တနေ့က ညရယ် ဆိုရင် တော်တော်ပြင်းပြင်းဖြစ်တဲ့ အသံကြားတယ်၊ ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီ နေဗီက ကမ်းကပ်ဖို့ ကြိုးစားလို့ တိုက်ပွဲဖြစ်တာလို့ ကြားတယ်၊ စစ်တွေဖက်က လက်နက်ကြီးပစ် ကူပေးတာတွေ လေယာဉ်လာတာတို့ကတော့ ဒီရက်ပိုင်းမရှိဘူး၊ မြို့တွင်းတိုက်ပွဲကတော့ ပြင်းထန်နေတယ်လို့ ကျနော်တို့သိရပါတယ်ဗျာ။”

ပေါက်တောမြို့တွင်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်လောက် ကစတင်ဖြစ်ပွား နေတာဖြစ်ပြီး အရပ်သားထိခိုက် သေဆုံးမှုတွေလည်းရှိသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာခွင့်တွေကို ပိတ်ထားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေတယ်လို့ ပေါက်တောဒေသခံတဦးကပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း ရေကြောင်းတွေကနေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေလည်းရှိတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ AA အဖွဲ့အနေနဲ့ အရပ်သားတွေကို အကာအကွယ်ယူ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ကောင်စီကပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်းငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG