သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို AA အဖွဲ့သိမ်းပိုက်


ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ရက်ပေါင်း ၂ဝ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထရွန်အိုင် ဗျူဟာစခန်းကို ဒီရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ လက်ရှိမှာတော့ နောက်ထပ် စစ်ကောင်စီဗျူဟာစခန်းတခုဖြစ်တဲ့ နှုံးဗူး ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက် ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။ အခုလို တိုက်ပွဲပြင်းထန်နေတာကြောင့် ပလက်ဝမြို့နယ်အထက်ပိုင်းက ဒေသခံတွေ ထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ပလက်ဝ ဒေသခံတဦးက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗျူဟာစခန်းတခုဖြစ်တဲ့ ပလက်ဝမြို့နယ် အထက်ပိုင်းက ထရွန်အိုင်ဗျူ ဟာစခန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ၂၁ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၄ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရခိုင်လက် နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ က ဗွီအိုအေကို ပြောပါတယ်။

“ဒီစခန်းကို ကျနော်တို့ ၂၁ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည် တနာရီ ၄ မိနစ်မှာတော့ ကျနော်တို့ အပြီးသတ် ချေမှုန်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီ တရွန်အိုင် ဗျူဟာစခန်းကတော့ ပလက်ဝ အထက်ပိုင်းမှာရှိတဲ့ အကြီးဆုံး စခန်းလည်းဖြစ်တယ်။ ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့ အခြေချ စစ်ဗျူဟာတခုလည်း ဖြစ်တယ်။ ဒါ့ကြောင့်မလို့ စစ်ရေးအရ အရေးပါတဲ့ စခန်းတခုဖြစ်တယ်လို့တော့ ပြောနိုင်ပါတယ်။ ဒီစခန်းကို သိမ်းပိုက်တဲ့ အချိန်မှာတော့ ရန်သူ့အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ၊ စစ်သုံ့ပန်း တချို့ ဖမ်းဆီးရမိတာတွေတော့ ရှိတယ်ဗျာ။”

လက်ရှိမှာတော့ ပလက်ဝမြို့နယ်က နှုံးဗူး ဗျူဟာကုန်းကို ၂၃ ရက်မြောက်နေ့အဖြစ်နဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ကူပစ်ပြီး အပြင်းအထန် ခုခံနေတယ်လို့ AA အဖွဲ့ကပြော ပါတယ်။

ပလက်ဝမြို့နယ်၊ စေတီပြင် ကျေးရွာသားတဦးကတော့ လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့နေရာမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲသံတွေ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

“လေယာဉ်ပျံက တနေ့လုံးကြားတယ်။ ညကလည်း တညလုံး ပစ်သံကြားတယ်။ လေယာဉ်က ဗုံးချတာကို ကြားရတယ်။ ဒီက အခုလည်း ကြားနေရတယ်။ လက်နက်ကြီးသံတွေ၊ လေယာဉ်သံတွေ။ အခုလည်း ဗုံးချနေတယ်။”

စေတီပြင်ကျေးရွာဟာ လက်ရှိ ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းပိုက်ထားတဲ့ ထရွန်အိုင် ဗျူဟာကုန်းအနီးမှာရှိတာဖြစ်သလို လက်ရှိ ပစ်ခတ်မှုတွေ မရှိပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်နေရတယ်လို့လည်း သူကဆက် ပြောပါတယ်။

“ဒီမှာ တိုက်ပွဲတော့ မရှိတော့ဘူး။ အခုစိုးရိမ်တာက ဟိုတနေ့က စက်ပစ်ပြင်ရွာမှာ ပစ်သလို အိပ်ပျော်နေတဲ့အချိန် လေယာဉ်နဲ့လာပြီး ဗုံးကြဲမှာကို ကြောက်နေရတယ်။”

စစ်ကောင်စီနဲ့ AA အဖွဲ့ကြားက တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် အထက်ပိုင်းက ကျေးရွာ (၇) ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး နေကြရသလို စားနပ်ရိက္ခာ ပြတ်တောက်တာတွေ၊ ကျန်းမာရေးထိခိုက်တာတွေ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စေတီကျေးရွာက ထွက်ပြေးနေရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“မြို့နဲ့လည်းဝေးတယ်၊ ကျနော်တို့က တောင်ပေါ်ဒေသလည်းဖြစ်တယ်။ ဟို အိန္ဒိယနယ်စပ်လည်းဖြစ်တော့ ဟိုဘက်ကိုလည်း လက်လှမ်းမမှီ၊ ဒီဖက်ကိုလည်း လက်လှမ်းမမှီ၊ ဘယ်ကိုမှ လည်းသွားလို့မရဘူး၊ ပိတ်မိနေကြတယ်။ ဖျားတာတွေ၊ ကလေးတွေ ချောင်းဆိုးတာတွေ၊ ဆေးလည်းမသောက်ရဘူး၊ အစားအသောက်လည်း တအားပြတ်နေတယ်။ အခု တောထဲမှာ အခက်အခဲရှိတယ်။ ပြေးရတဲ့ သူတွေလည်း အဝတ်တထည် ကိုယ်တခုနဲ့ ပြေးနေရတာ။ တောမှာခိုနေရတာ အခက်အခဲက အများကြီးပါ။”

ရခိုင်နဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ တနေ့ထက်တနေ့ ပိုမိုပြင်းလာနေသလို တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း တိုးလာနေတာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း တော်တော်များများကို သိမ်းပိုက်ထားနိုင်တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရေကြောင်းကနေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေလည်း ရှိတယ်လို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ အနေနဲ့ အရပ်သားတွေကို အကာအကွယ်ယူ တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG