သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လူးရဲစခန်း ကာကွယ်ရေးတပ်တွေ သိမ်းပိုက် 


အင်းတော်မြို့နယ် မော်လူးမြို့ကို သိမ်းပိုက်ကြောင်း ABSDF ထုတ်ပြန် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
အင်းတော်မြို့နယ် မော်လူးမြို့ကို သိမ်းပိုက်ကြောင်း ABSDF ထုတ်ပြန် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့က စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်လိုက်တဲ့ နောက်မှာ စစ်တပ်ဘက်က လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်ကစလို့ မော်လူးမြို့ခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က တိုက်နယ်အဆင့်ရှိတဲ့ မော်လူးမြို့က စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက် မနက် ၂ နာရီ လောက်ကစလို့ မဟာမိတ်ကာကွယ်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စခန်းကို မနက် ၇ နာရီလောက်မှာ သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးမှု တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲစခန်း အသိမ်းပိုက်ခံခဲ့ရတဲ့နောက်မှာ စစ်တပ်ဘက်က လေကြောင်းကနေ လာရောက် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မော်လူးအခြေအနေက စခန်းသိမ်းနိုင်သွားပြီ။ အခုက ရဲစခန်းပဲ သိမ်းလိုက်တာ။ မော်လူးမြို့က အရင်ကတည်းက ကိုယ့်ဘက်က ထိန်းနိုင်တဲ့ အနေအထားလေ။ အခုက စစ်ကောင်စီတပ်တွေ၊ မော်လူးမှာရှိတဲ့ စစ်သားတွေ၊ ရဲတွေကို အလင်းဝင်ဖို့ဖိတ်ခေါ်တာ။ ဖိတ်ခေါ်တာ သူတို့အနေနဲ့ လက်မခံဘူး။ လက်မခံတော့ ဝင်ရောက်သိမ်းကြတာပေါ့၊ အဲ့ရဲစခန်းကို။ ဒီနေ့မနက် ၂ နာရီကျော်ကျော်လောက်မှာ စပြီးသိမ်းတာပေါ့။ ၇ နာရီ ကျော်ကျော်လောက်မှာ အပြီးသတ် သိမ်းနိုင်ခဲ့တာပေါ့။ လတ်တလောက နယ်မြေရှင်းလင်းရေး လုပ်နေတာပေါ့။ လတ်တလော အကုန်လုံး သိမ်းနိုင်တယ်ဆိုတော့ သေတဲ့ဟာလည်းရှိတယ်။ အရှင်ဖမ်းမိတာလည်းရှိတယ်။ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းမိတာပေါ့။ လတ်တလော အခြေအနေထိ စခန်းဘက်မှာတော့ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းပဲ။ အပြင်ဘက်မှာတော့ စစ်ကောင်စီတပ်က အလောင်း ၆ လောင်းတော့ တွေ့တယ်။ ၇ နာရီ ကျော်ကျော်လောက်မှာပဲ အားလုံး သိမ်းပြီးတဲ့ အခါမှာ ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံးကြဲသွား တယ်။ နောက်ပြီးတော့ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့လည်း ပစ်သွားတယ်။”

သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတဲ့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တိုက်ပွဲကြောင့် မော်လူးမြို့ခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး မော်လူးမြို့ထဲမှာတော့ တိတ်ဆိတ်နေ တယ်လို့ မြို့ခံ တဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ကပြေးပြီး လွတ်ရာရှောင်နေရပါတယ်။ တချို့ကလည်း ကျန်တယ်။ တချို့ကလည်း မပြေးကြဘူး။ မြို့တွင်းအခြေအနေက ရှောင်နေကြတာပဲ။ တမြို့လုံး တိတ်လို့ ဆိတ်လို့ပေါ့။ လက်ရှိအခြေအနေက ကျွန်တော့်အမြင် ပြောရရင် မြို့သိမ်းပုံစံဖြစ်သွားတာပေါ့ဗျာ။ မြို့သိမ်းပုံစံ ဟုတ်မဟုတ်တော့ ကျွန်တော်တို့ မသိရဘူး။ စခန်းကိုတော့ သူတို့ မီးရှို့ပြာချလိုက်တယ်။”

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ထဲမှာ ပါဝင်ပြီး အင်းတော်မြို့နဲ့ ၁၈ မိုင် ကွာဝေးသလို ကချင်ပြည် နယ်စပ်နဲ့ ၆ မိုင်ဘဲ ကွာဝေးသလို မန္တလေး-မြစ်ကြီးနား ရထားလမ်းနဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးမှာတည်ရှိတဲ့ တိုက်နယ် အဆင့်ရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။

မော်လူးမြို့ထဲမှာ စစ်တပ်နဲ့ရဲဟာ မော်လူးမြို့မှာ ရဲစခန်းထဲ တနေရာတည်းမှာ အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး စစ်သားနဲ့ရဲတွေကို လက်နက်ချဖို့ နိုဝင်ဘာလကတည်းက ကာကွယ်ရေး တပ်ဖွဲ့တွေက အကြောင်းကြားခဲ့ပေမယ့် လက်နက်မချတဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

မော်လူးရဲစခန်း အတိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG