သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟုမ္မလင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်


ဟုမ္မလင်း PDF (Photo: Homalin People’s Defense Force-HPDF 124 facebook )
ဟုမ္မလင်း PDF (Photo: Homalin People’s Defense Force-HPDF 124 facebook )

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ ရွှေပြည်အေးကျေးရွာနဲ့ လွှစင်ကုန်းကျေးရွာတို့မှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေပြီး စစ်တပ် စခန်းအချို့လည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက အခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်တပ်၊ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကစလို့ နိုဝင်ဘာ ၂၃ ရက်အထိ တိုက်ပွဲတွေဖြစ်နေတာပါ။

ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့က နေရာအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ် စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် နောက်ဆုတ်ပေးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒါပေမယ့် နောင်ပိုင်အောင်နဲ့ လွှစင်ကုန်းကျေးရွာမှာ ရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော်ရဲ့ စခန်းကုန်းတွေကိုတော့သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“တပ်ပေါင်းစုအဖွဲ့က ရွှေပြည်အေးရယ်၊ နောင်ပိုအောင်၊ လွှစင်ကုန်းရယ် ၂ နေရာကို တိုက်ကြတယ်ပေါ့ဗျာ။ အဲ့မှာက ရှမ်းနီအမျိုးသား တပ်မတော်က အထိုင်ချတပ်စွဲထားတဲ့နေရာတွေ၊ တိုက်တဲ့အခါကျတော့ ရွှေပြည်အေးမှာက လေကြောင်းကနေ ၄ ကြိမ် လာပြီးတော့ပစ်သွားတယ်။ လွှစင်ကုန်းမှာက တကြိမ်လာပစ်သွားတယ်။ ရွှေပြည်အေးမှာ ဖြစ်တဲ့တိုက်ပွဲက သူတို့ဘက် စစ်ကြောင်းထိုးတာ စစ်ကူတွေများတဲ့အတွက် နောက်ဆုတ်ပေးလိုက်ရတယ်။ နောင်ပိုအောင်၊ လွှစင်ကုန်း ရှမ်းနီအမျိုးသား တပ်မတော်စခန်းကုန်းကိုတော့ အပြီးသိမ်းလိုက်နိုင်တယ်။”

နောင်ပိုအောင်နဲ့ လွှစင်ကုန်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်အထိ လွှစင်ကုန်းကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ လေကြောင်းကပစ်ခတ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး စစ်တပ်နဲ့ရှမ်းနီအမျိုးသား တပ်မတော်ဘက်ကလည်း သေဆုံးထိခိုက်တာတွေရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ နောင်ပိုအောင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကချင်လွတ်မြောက်ရေးတပ် နဲ့ ရှမ်းနီအမျိုးသားတပ်တို့တိုက်ပွဲဖြစ်ခဲ့ပြီး လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်တာထက် တိုင်ရင်းသား အချင်းချင်း ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုဝင်ဘာ ၂၂ ရက်က ပြောထားပါတယ်။

တိုက်ပွဲတွေကြောင့် အသွားအလာမရှိဘဲ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့အတွက် အခုဆို ဟုမ္မလင်းမြို့မှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“လမ်းက တောက်လျှောက်ဖြစ်နေတာ။ အခုနောင်ပိုအောင် အနောက်နားတွေလည်း ဖြစ်နေတာ။ ရွှေပြည်အေးတို့ နောင်ပိုအောင် အနောက်နားတွေဖြစ်နေတော့ ဖောင်းပြင်ကလည်း အကုန်ပိတ်ထားတာဆိုတော့ ကားတွေက ဘယ်လိုမှ အဆင်မပြေသေးဘူး။ ပိတ်ထားတယ်ဆိုတာ ဟိုကပိတ်လိုက် ဒီကပိတ်လိုက် လမ်းမှာလည်း အတားအဆီးများတော့ မသွားကြတာပေါ့။ အခုဒီမှာ ကြက်ဥ ၁ လုံး ၈၀၀ ခရမ်းချဉ်သီး ၁ ပိသာ ၁၃၀၀၀ ၁၅၀၀၀ ဆီတပိသာ ရိုးရိုးဆီတောင် ၁ ပိသာ ၁၅၀၀၀”

ဟုမ္မလင်းမြို့ကို ကုန်းလမ်းအပြင် ချင်းတွင်းမြစ်အတိုင်း ရေလမ်းကနေပါ ကုန်စည်တွေ ကူးသန်း သွားလာကြတာပါ။ ဒါပေမယ့် မုံရွာ-ဖောင်းပြင်- ဟုမ္မလင်း စက်လှေတွေလည်း လုံခြုံမှုမရှိတဲ့ လမ်းခရီးအခြေအနေတွေကြောင့် မသွားလာတာ ကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရက်ကလည်း ရွှေပြည်အေးမြို့က နေရာအချို့နဲ့ နောင်ပိုအောင်၊ လွှစင်ကုန်း ကျေးရွာတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေပစ်ခတ်ခဲ့သလို အခုတကြိမ်တိုက်ခိုက်ချိန်မှာတော့ နောင်ပိုအောင်ကျေးရွာနဲ့ လွှစင်ကုန်း ကျေးရွာက ရှမ်းနီအမျိုးသားများ တပ်မတော်စခန်းကုန်းတွေကို သိမ်းဆည်းရမိတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG