သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်


People's Liberation Army တပ်ဖွဲ့ဝင်တွေ စစ်ကိုင်းတိုင်းဒေသနားမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်စဥ်။ (နိုဝင်ဘာ ၂၃၊ ၂၀၂၃။ ရိုက်တားစ်)
People's Liberation Army တပ်ဖွဲ့ဝင်တွေ စစ်ကိုင်းတိုင်းဒေသနားမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်စဥ်။ (နိုဝင်ဘာ ၂၃၊ ၂၀၂၃။ ရိုက်တားစ်)

စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ဘက်မှာရှိတဲ့ ကန့်ဒေါင့်နယ်မြေခံရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ ၆ ကြိမ်လာရောက်ပစ်ခတ်တဲ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းမြို့နယ်မှာလည်း စစ်တပ် တပ်စွဲထားတဲ့ရွာကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နဲ့ မင်းကင်းမြို့ အခြေအနေ သတင်းပေးပို့ချက်တွေကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းပုလဲမြို့အနောက်ဘက် မကွေးတိုင်း မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ကန့်ဒေါင့်နယ်မြေခံရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး နိုဝင်ဘာ ၂၇ ရက် မနက်လင်းအားကြီးအချိန်ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာပါ။ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆ ကြိမ်လုပ်ခဲ့တယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပုလဲမြို့နယ် ကန့်ဒေါင့်စခန်းကို ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် ပုလဲမြို့နယ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ တော်တော်များများအားလုံး စည်းလုံးပြီးတော့ ဝိုင်းဝန်းတိုက်နေတာ။ ၅ နာရီခွဲလောက်ကစပြီးတော့တိုက်လိုက်တာ နေရာယူပြီးတော့ ပြင်းပြင်းထန်ထန် တိုက်နေကြတုန်းပဲ။ အဖြေကတော့ ဘာမှ မသိရသေးပါဘူး။ ဒီနေ့ တနေ့တည်း လေကြောင်းတိုက်ခိုက်မှုက ၆ ကြိမ်လောက်ရှိသွားပြီ။ လေကြောင်းတိုက်ခိုက်မှုက ဂျက်ဖိုက်တာနဲ့ ၂ ခါလာပစ်တယ်။ Mi35 နဲ့ ၄ ခါလာပစ်တယ်။ နယ်မြေခံရဲစခန်းပဲပြောပါတော့။ သူ့ရဲ့ပတ်ပတ်လည်မှာ ၂ မိုင် ၃ မိုင်ပတ်ဝန်းကျင်မှာ အင်မထီး-ပျူစောထီးရွာနဲ့ ဇီးဖြူကုန်း-ပျူစောထီးရွာရှိတယ်။ ဘေးဝဲယာပေါ့။ အထောက်အကူပြုအနေနဲ့ သူတို့ဘက်ကတော့ လာမကူနိုင်ဘူး။ တိုက်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုပဲရှိနေတယ်။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေက ကန့်ဒေါင့်ရဲစခန်းကို ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၆ လအကြာ အခုတခါ ပြန်လည်တပ်စွဲတဲ့အတွက် ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

မင်းကင်းမြို့နယ်မှာဆိုရင်လည်း စစ်တပ် တပ်စွဲထားတဲ့ အင်ကြင်းတောင် ၊ မအူ ၊ မင်းရွာ စတဲ့ ကျေးရွာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာ ၂၇ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က လက်နက်အချို့သိမ်းဆည်းရမိတယ်လို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။ စစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်ကူရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့(SRF) ရဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ပျူစောထီးရွာ ၃ ရွာရှိတာကို ကျနော်တို့က ခလယ်(အင်းကြင်းတောင်ရွာ) က ဝင်ပစ်တာဆိုတော့ ၃ ရွာလုံး ဝင်ပစ်ပြီး သိမ်းလိုက်သလို ဖြစ်သွားတာပေါ့။ မအူ ၊ မင်းရွာ ၊ အင်းကြင်းတောင်တို့ပေါ့။ မနက် ၄ နာရီလောက်ကစတယ် ၁၁-၁၂ နောက်ပိုင်းမှ ပြီးတယ်။ သိမ်းမိတဲ့အခြေအနေက အကုန်လုံးကိုသိမ်းမိတဲ့အချိန်မှာ စစ်ကူလာလို့ပြန်ခေါက်ခဲ့ရတာပေါ့။ အာပီဂျီ တလက်ရတယ်။ ဗိုလ်တယောက်ရဲ့ အမ်အေ(သေနတ်) ပစ္စတို ၁ လက်ရတယ်။ သူတို့ရဲ့ဂျန်ပါစက်တလုံး သိမ်းဆည်းရမိတယ်။ ကတုတ်နဲ့ အမှန်အကန်ရွာပေါ့။ ပျူရွာဆိုပေမယ့် စစ်တပ်လိုပါပဲ။ ခြံစည်းရိုးတွေနဲ့ တကယ့်မိုင်းတွေနဲ့ အမ်အေတွေ ဘာတွေနဲ့။ ပျူစောထီးဆိုပေမယ့် နာမည်အရန်ခံလောက်ပါပဲ။ စစ်ကောင်စီရဲ့လက်အောက်က စစ်သားနဲ့ရဲထိုင်ထားတာပေါ့။ ပျူရွာကြီးပေါ့။”

တိုက်ပွဲပြင်းထန်တာကြောင့် စစ်တပ်ဘက်က အကျအဆုံးရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း ၁ ဦး ကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အခုနှစ် ဇွန်လထဲမှာပဲ အင်ကြင်းတောင်ရွာကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG