သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ခမ်းပတ်မြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်


တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)
တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)

ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်ထိုးစစ်ဆင်နေတဲ့အတွက် မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့လည်း သိရပါတယ်။ ခမ်းပတ်မြို့ တိုက်ပွဲအခြေအနေ သတင်းပေးပိုထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ-အိန္ဒိယထွက်ပေါက်ဖြစ်တဲ့ ကလေး-တမူးမြို့လမ်းပိုင်းမှာရှိတဲ့ ခမ်းပတ်မြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ကို ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖော်ဆောင်နေတာပါ။

မြို့ကို နိုဝင်ဘာလ ပထမအပတ်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တလကျော်အကြာ ဒီဇင်ဘာ ၁၀ ရက်မှာတော့ စစ်တပ်ဘက်က မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာနေတာကြောင့် ခမ်းပတ်မြို့တွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့သလို ဒီဇင်ဘာ ၁၁ ရက်မှာတော့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ဖျက်စီးခဲ့တဲ့ စစ်တပ်ကုန်းမှာ စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက် တပ်စွဲနေတယ်လို့ ခမ်းပတ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“လက်ရှိတိုက်ပွဲအခြေအနေက စစ်ကောင်စီဘက်က မြေပြင်ကော၊ ဝေဟင်ကော ထိုးစစ်ဆင်နေတာဆိုတော့ သူတို့က သာလွန်အင်အားနဲ့ထိုးစစ်ဆင်နေတာပေါ့။ လက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်သားတွေဘက်ကလည်း တပ်ရင်းတပ်ဖွဲ့တွေ စုစည်းပြီးတော့ သူတို့ တိုက်ပွဲအကြီးအကျယ် ဖြစ်နေကြတာပေါ့။ အင်အား ၅၀ - ၅၀ စီနဲ့ မြို့ကို ရံထားပြီးတော့ ပတ်ပတ်လည်ကနေ တိုက်စစ်ပြင်နေကြတာပေါ့။ အခုတော့ မြို့ထဲကို လာတိုက်နေပြီပေါ့။ သူတို့စစ်တပ်ကုန်းပေါ်တော့ ရောက်သွားပြီ။ သူတို့ အရင်ခံစစ်ကုန်းပေါ်မှာလေ၊ သူတို့ ခံစစ်ကုန်းက ပျက်ပြီးတော့ ညီမတို့ဘက်က ဘူဒိုဇာတွေနဲ့ထိုးဖျက်ထားတာဆိုတော့ ခံစစ်ကုန်းက ကုန်းခေါင်ခေါင်ကြီးပဲကျန်ခဲ့တာပေါ့နော်။ သုံးလို့ရတဲ့အနေအထား သူတို့စခန်းချလို့ရတဲ့ အနေအထားတော့မရှိတော့ဘူးပေါ့။ ၁၀ ရက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ မနေ့က လေယာဉ်နဲ့ ၄ လုံးလာချသွားတယ်။ ပေါင် ၅၀၀ ဗုံးတွေချည်းပဲ၊ လာချသွားတယ်။ အဓိက အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ကို လာချသွားတာ။ လူနေအိမ်တွေ ပျက်စီးတာရှိတယ်။ ဘာလို့ဆို သူတို့က လူနေရပ်ကွက်ကို ချလိုက်တာမို့လို့လေ။”

ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကနေ အမှတ် ၄ ရပ်ကွက်အထိ နေထိုင်တဲ့ ဒေသခံတွေဟာ စစ်တပ် တပ်ကုန်းနဲ့ နီးကပ်တဲ့ ရပ်ကွက်တွေဖြစ်တဲ့အတွက် စစ်တပ်က စစ်ကြောင်းထိုးလာတဲ့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကစလို့ မြို့ခံအများစုဟာ နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်နေကြပါတယ်။ အထူးသဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေကို စွန့်ခွာခဲ့ရတာလို့ အမှတ်၁ ရပ်ကွက်နေ မြို့ခံတဦးက ပြောပါတယ်။

“ကျမတို့က အမှတ် ၁ ကပဲလေ။ မနေ့ကမှ ပြေးခဲ့တာ။ ဒီလိုပဲ ပေပြီးနေနေတာ။ လေယာဉ်မလာရင်တော့ ကြောက်စရာမရှိလောက်ပါဘူးဆိုပြီး နေလိုက်တာ။ လေယာဉ်လာတော့ ပြေးတော့တာပေါ့။ ကြောက်တော့။ သူတို့က (လေကြောင်း) ဟိုဟာတွေနဲ့ ပစ်တဲ့အခါ ထုတဲ့အခါကျတော့ ကြောက်တာပေါ့။ ကြောက်တော့ ပြေးတာပေါ့။ ပေါက်ကွဲတာတွေလည်းရှိတယ်။ ကျမတို့ ရပ်ကွက်မှာပဲ ပေါက်ကွဲတာပဲလေ။ ထုတာပဲလေ။ ကျမတို့ခမ်းပတ်က ပြန်ဖို့ရာမလွယ်လောက်ပါဘူး။ လောလောဆယ် ဟိုဘက်ဒီဘက်က တင်းတင်းမာမာတွေ ဖြစ်လာရင် ကျမတို့ပြည်သူက ကြားကနေ အနာခံဖြစ်ရတော့မှာလေ။ အဲ့တော့ ပြန်လို့ မဖြစ်ပါဘူး။”

စစ်တပ် တပ်ကုန်းနဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ခမ်းပတ်မြို့ ဒေသခံအချို့ကတော့ နေအိမ်တွေကို စွန့်ခွာတာ မရှိသေးပေမယ့်လည်း စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ကျမတို့က မရှောင်ဘူးဆိုတာ အိမ်မှာကနေ့လယ်နေတယ်။ ညဘက်ကို တခြားနေရာမှာ သွားအိပ်ရတယ်။ ကျမတို့နဲ့က ဝေးတယ်။ ၁ မိုင် ကျော်လောက်တော့ရှိမယ်။ ကျမတို့က အစွန်အဖျားဘက်မှာလေ။ အဲ့ဒါကြောင့်။ ကျမတို့မှာလည်း စိုးရိမ်တာပေါ့။ ဘယ်အချိန်များ ကိုယ့်ကိုယ် ဟိုဟာလုပ်မလဲဆိုတာ စိုးရိမ်တယ်လေ။ ကိုယ့်မိသားစုတွေဘာတွေကော အကုန်စိုးရိမ်တာပေါ့။”

စစ်တပ် တပ်ကုန်းဟာ ခမ်းပတ်မြို့ကနေ တမူးမြို့ဘက်ကိုအသွား ကနန်ကျေးရွာနဲ့ အနီးမှာတည်ရှိပြီး ကာကွယ်ရေး တပ်ဖွဲ့တွေက ၂ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်သိမ်ပိုက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက စစ်တပ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြတာပါ။

လက်ရှိမှာတော့ ခမ်းပတ်ဒေသခံတွေဟာ ကလေးမြို့နဲ့ တမူးမြို့နယ်ဘက်က ကျေးရွာတွေကို တိမ်းရှောင်နေကြရပြီး ဒီတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် တိမ်းရှောင်ရတာလည်း ဖြစ်သလို တိမ်းရှောင်နေရတာ ၁ ပတ်နီးပါး ရှိနေပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG