သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေထပ်ဖြစ်လာမှာစိုးရိမ်ပြီး ခမ်းပတ်ဒေသခံတွေ တိမ်းရှောင်


တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)
တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိနေတဲ့အတွက် တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စိုးရိမ်ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့အနီးကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းရောက်လာတဲ့အတွက် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကစလို့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြတာပါ။ စစ်ကောင်စီတပ်ဟာ ကလေးမြို့ကထွက်လာပြီး မော်လိုက်-ကလေး တမူး မြို့တွေဘက်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် ခမ်းပတ်မြို့ထဲက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေတာလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကြောင်းက ဘယ်ကထွက်လဲဆိုရင် သိရသလောက်က မော်လိုက် ကလေး တမူး အဲ့ခရိုင် ၃ ခရိုင်ရှိတယ်ပေါ့နော်။ အဲ့ခရိုင် ၃ ခရိုင်ကြားကိုထွက်လာတယ်။ ကလေးကနေထွက်လာတဲ့စစ်ကြောင်းက အဲ့နေရာမှာ ၃ ဖွဲ့ကွဲသွားတယ်။ ၁၀၀ တဖွဲ့၊ ၅၀-၅၀ တဖွဲ့ပေါ့နော်။ ၃ ဖွဲ့ခွဲပြီးမှ အဲ့ကနေ စစ်ကြောင်း ပြန်ခွဲတယ်လို့ သိရတယ်။ ခမ်းပတ်မြို့ထဲကို လာမလာတော့ မသိရသေးဘူး။ ခမ်းပတ်မှာတော့ တချို့ပြည်သူတွေက ရှောင်ကုန်ကြပြီ။ အမှတ် ၁ -၂ - ၃ ကတော့ရှောင်ကုန်ကြပြီ။ ဒီဘက်မှာက စစ်ရှောင်စခန်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိတော့ ကစဉ့်ကလျား ပြေးကြရတဲ့အခြေအနေဆိုတော့ အဲ့လို ပြေးကြ ရှောင်ကြတာကို ပလဖ - ပအဖ က ကူညီပေးနေတာတော့ရှိတာပေါ့။”

စစ်ကောင်စီတပ်တွေနဲ့အနီးဆုံးမှာရှိနေတဲ့ ခမ်းပတ် အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်က ဒေသခံတွေ အဓိက တိမ်းရှောင်ကြရတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ခမ်းပတ်မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ချင်းပြည်နယ် တွမ်းဇန်မြို့က ခွမ်နွဲရွာမှာ ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အဲ့ဒီကျေးရွာမှာ အရပ်သားတချို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေရှိပြီး ဒီစစ်ကြောင်းက ခမ်းပတ်မြို့ဘက်ကို စစ်ဆင်လာနိုင်တဲ့အတွက် စိုးရိမ်ပြီး ပြောင်းရွှေ့နေတာလို့ ခမ်းပတ်မြို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကြောင်းလာနေတယ်လို့ ကြားလို့ပေါ့။ (စစ်ကြောင်းက) ခွမ်နွဲကျေးရွာ အဲ့နားအထိ ရောက်နေတယ်လို့ ခွမ်နွဲမှာ သူတို့က ၂ ယောက်လောက် ဖမ်းသွားတယ်ဆိုတာ သတင်းတွေ ဘာတွေကြားတော့ သတင်းကြားတာနဲ့ ဒေသခံတွေက စိုးရိမ်နေတာပေါ့နော်။ ကျနော်တို့ပြေးတာ နေ့လယ် ၁၁ နာရီ ၁၂ နာရီ လောက်က ရွှေ့တာပေါ့နော်။ အခုထက်ထိ ရွှေ့နေတုန်းပဲ။ အခြေအနေကတော့ ဘယ်လိုလာမလဲဆိုတာ ပြောမရဘူးလေနော်။ တချို့ကတော့ ကနန် - တမူးဘက် ရှောင်တဲ့လူရှိတယ်။ တချို့က ကလေးဘက်ကို ရှောင်တဲ့သူရှိတယ်။”

ခမ်းပတ်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ ၄ ရက်ဆက်တိုက် ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၇ ရက်မှာတော့ ခမ်းပတ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့တာပါ။ သိမ်းပိုက်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ပြီး အရပ်သားဒေသခံတွေ ပြန်လည် ဝင်ရောက်နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ခမ်းပတ်မြို့က ဒေသခံတွေဟာ ဒီတကြိမ်အပါအဝင် စစ်ဘေးရှောင်ရတာ ၃ ကြိမ်ရှိနေပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG