သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းပိုက်လိုက်ကြောင်း ကရင်နီတပ်ပေါင်းစု ကြေညာ


လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းပိုက်အပြီး မှတ်တမ်းဓာတ်ပုံကို KNDF က ထုတ်ပြန်ခဲ့ပါတယ်။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းပိုက်အပြီး မှတ်တမ်းဓာတ်ပုံကို KNDF က ထုတ်ပြန်ခဲ့ပါတယ်။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ထဲမှာရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ကရင်နီတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ တစ်လေးလုံး စစ်ဆင်ရေး စတင်တာ တလပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲ လွိုင်ကော်မှာတော့ မြို့ခံအားလုံးလောက်နီးနီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။ ရန်ကုန်က ပေးပို့တဲ့ သတင်းအပြည့်အစုံကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

ကရင်နီတပ်ပေါင်းစုတွေရဲ့ တစ်လေးလုံးစစ်ဆင်ရေးဟာ ဒီနေ့ဆို တလတိတိ ပြည့်သွားပါပြီ၊ စစ်ရေးအခြေအနေ ကလည်း တင်းမာနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် ဒီနေ့မနက် ၉ နာရီအထိကတော့ လွိုင်ကော်မြို့မှာ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ မကြားရပဲ တည်ငြိမ်နေပေမဲ့ မနေ့က ဒီဇင်ဘာ ၁၀ ရက်မှာ တမြို့လုံး နေရာအနှံ့အပြားမှာ စစ်ကောင်စီနဲ့ ဒေသခံကရင်နီ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲတွေ အတွင်း ကရင်နီတပ်ပေါင်းစုတွေက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ အကြောင်း တိုက်ခိုက်ရေးမှာ ပါဝင်တဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီရက်ကျတော့ ငြိမ်တယ်ပေါ့နော်။ မနေ့ညကျတော့ ဒီလေယာဉ်နဲ့ ဗုံးလာကြဲတာတို့ ရှိတယ်၊ လွိုင်ကော်မြို့ အတွင်းမှာပေါ့နော်၊ ပြည်သူ့အိမ်တွေ ဗုံးလာကြဲတာရှိတယ်ပေါ့နော်။ ကျနော်တို့ ဒီ ၁၀ ရက် နေ့တုန်းကတော့ တိုက်ပွဲတော့ ပြင်းထန်တယ်ပေါ့နော်၊ မနက် ၆နာရီကနေ ညနေ ၄နာရီအထိပေါ့နော် ပြည်နယ်ရဲစခန်းကို ကျနော်တို့ သိမ်းပိုက်ရရှိတာပေါ့။ ရဲစခန်းဖြစ်တဲ့အတွက် ကားအစီးရေတော့ များတယ်ပေါ့နော် သူတို့ရဲဌာနတွေ သုံးဖို့ကားတွေ ကျနော်တို့ ဒါတွေ သိမ်းဆည်းရမိတာရှိတယ်၊ တချို့ကောင်းတဲ့ ကားတွေကျတော့ သုံးလို့ရတဲ့ကားတွေ ကျနော်တို့ ဒီတော်လှန်ရေးဘက်မှာ သုံးလို့ရအောင် ယူပြန်လာတာရှိတယ် ကားတွေရော ဆိုင်ကယ်တွေရောပေါ့နော်။ ကျနော်တို့ သိမ်းပိုက်နေတဲ့အချိန်မှာ သူတို့ ရှုံးမှန်းသိလို့ မနိုင်မှန်းသိတော့ သူတို့ လက်နက်ခဲယမ်းတွေ ပုံပြီးတော့ မီးအကုန်ရှို့ပစ်လိုက်တယ်ပေါ့နော်။ အဲ့ထဲမှာ လက်နက်ခဲယမ်းတွေ လက်နက်ကြီးရော လက်နက်ငယ်ရော အများကြီးပါသွားတယ်ပေါ့။”

တပ်ပေါင်းစုတွေက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို တိုက်ခိုက်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က သူတို့ရဲ့ လက်နက်ခဲယမ်း တွေကို စုပုံပြီး မီးရှို့ဖျက်စီးပစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကို အသေရမိသလို ၅ ဦး ကိုတော့ လက်ရဖမ်းမိခဲ့ကြောင်းနဲ့ ဒီတိုက်ပွဲအတွင်း ၂ ဘက် ထိခိုက်မှုများကြောင်းလည်း ပြောပါတယ်။

ဒီလတ်တလော ဖြစ်ပွါးခဲ့တဲ့ လွိုင်ကော်တိုက်ပွဲနဲ့ ပတ်သက်လို့ တော့ စစ်ကောင်စီဘက်က တစုံတရာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

၁၁.၁၁ စစ်ဆင်ရေးဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နဲ့ ကယား(ကရင်နီ) စစ်ဒေသခွဲ PDF တပ်ရင်းတွေ အတူတကွ ပူးပေါင်းပြီး စစ်ဆင်ရေး လုပ်ဆောင်နေတဲ့အကြောင်း KNDF က ပြောထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တဲ့ လွိုင်ကော်မှာတော့ လွိုင်ကော်မြို့ခံတွေရော လာရောက်လှုံခိုကြတဲ့ စစ်ရှောင်တွေပါ မြို့ကိုစွန့်ခွာပြီး နီးစပ်ရာမှာ တိမ်းရှောင်နေကြတာပါ။ လက်ရှိလွိုင်ကော်မြို့ထဲမှာ ကျန်တဲ့သူက ၁ ရာခိုင်နှုန်း လောက်သာ ရှိတော့သလို ပစ္စည်းလိုအပ်လို့ မြို့ပေါ်ပြန်ယူချင်တဲ့ စစ်ရှောင်တွေအတွက် တော်လှန်ရေး တပ်ဖွဲ့တွေက ကူညီပို့ဆောင်ပေး နေတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူကတော့ ၉၉ ရာခိုင်နှုန်းလောက်ကတော့ မရှိဘူးပေါ့နော်။ မြို့ပေါ်မှာကျတော့ ထွက်ပြေးတိမ်းရှောင် ကြပြီ။ တချို့ကျတော့ ပစ္စည်းတွေ ကျန်ခဲ့တဲ့ဟာ ဒီ ကျနော်တို့ရဲဘော်တွေ ဦးစားပို့တယ်ပေါ့နော်။ သူတို့ပစ္စည်းတွေ အိမ်မှာ ပြန်သယ်လို့ရအောင် ကျနော်တို့ ကူညီတဲ့အပိုင်းမှာ အများကြီး ရှိတယ်ပေါ့နော်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်အသုံးပြုပြီး တောက်လျှောက် ဗုံးကြဲ တိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူ အများအပြား ထိခိုက်သေကြေခဲ့ရ သလို အိုအိမ်တွေ အများအပြား လည်း ပျက်စီးကုန်တာပါ။ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်တဲ့ အလောင်းတွေကိုလည်း လက်ရှိချိန်ထိ လိုက် မကောက်နိုင်သေးဘူး လို့လည်း ပြောပါတယ်။ တကယ်တော့ လွိုင်ကော်မြို့ ကြီးဟာ အခုဆို မြို့ပျက်သဖွယ် ဖြစ်နေပြီ လို့လည်း ပြောပါတယ်။

“ဒီနောက်ပိုင်းမှာ စစ်ကောင်စီက ပေါက်အားပျင်းတဲ့ မီးလောင်ဗုံးတွေပေါ့နော်။ အဲ့လိုမျိုးအဲ့ချထားတာ အများကြီးရှိတယ်ဗျ။ တချို့တိုက်တွေက အကုန်လုံးမီးလောင်သွားတယ်ပေါ့နော်။ မီးလောင်သွားတဲ့တိုက်တွေ အများကြီးရှိတယ်။ ဇရပ်ခြောက်တဲ့မြို့ပုံစံ မြို့ပျက်ကြီး ဖြစ်သွားတယ်ပေါ့နော်၊ လွိုင်ကော်ပေါ့နော်။”

ဒီဇင်ဘာ ၁၀ ရက် မနေ့ကမနက်ပိုင်းမှာလည်း သီရိမင်္ဂလာဈေးမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ကြောင့် ဆိုင်ခန်း ပေါင်း ရာကျော် မီးလောင်ပြာကျခဲ့ပါတယ်။ လွိုင်ကော်အပါအဝင် ကရင်နီဒေသ တွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာဒေသတွေမှာ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတာပါ။

XS
SM
MD
LG