သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့နဲ့ မြို့ဝန်းကျင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပိုတိုးလာ


နိုဝင်ဘာ ၁၃ ရက်က ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့တိုက်ပွဲမှာ ဒဏ်ရာတွေနဲ့ အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီဘက်က တပ်သားတွေကို ဆေးကုသပေးနေစဥ်။ (ဓာတ်ပုံ-Free Burma Rangers/နိုဝင်ဘာ ၂၀၊ ၂၀၂၃)
နိုဝင်ဘာ ၁၃ ရက်က ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့တိုက်ပွဲမှာ ဒဏ်ရာတွေနဲ့ အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီဘက်က တပ်သားတွေကို ဆေးကုသပေးနေစဥ်။ (ဓာတ်ပုံ-Free Burma Rangers/နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ကရင်နီဒေသကာကွယ်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်လိုက်ကတည်းက လွိုင်ကော်မြို့တဝိုက်မှာ နေ့စဉ်သလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သောင်းနဲ့ချီတဲ့ လွိုင်ကော်မြို့ခံတွေရော လွိုင်ကော်မှာ လာရောက် ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေပါ တခုတခါ ထပ်ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ ၊ ၁၁၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့တချိန်တည်းမှာပဲ ကရင်နီတပ်ပေါင်းစုတွေက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာကနေ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ လွိုင်ကော်မြို့ပတ်ချာလည်မှာ ဆိုရင် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နေ့ရောညပါ လေကြောင်းကရော လက်နက်ကြီးနဲ့ ပါ ပစ်ခတ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်သေကြေသလို နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

လွိုင်ကော် ဒေါဥခူရပ်ကွက် ဒေသခံတဦးကတော့ မြို့ထဲမှာ မလုံခြုံတော့တာမို့ လွိုင်ကော်မြို့နားက တောင်ပေါ်ဘုန်းကြီးကျောင်းတခုမှာ လာရှောင်နေရတယ်လို့ ပြောပါတယ်။

“ဘုရားကျောင်း တောင်ပေါ်မှာ တက်နေနေတာ၊ ကျနော်တို့ မြို့ထဲမှာလည်း နေရတာ သိပ်စိတ်မချရလို့လေ။ (အခုဘုန်ကြီးကျောင်းမှာ လူဦးရေ) ၁၀၀ ကျော်ကျော်လောက်ပေါ့၊ အဲ့လောက်ပဲ ကျန်တော့တယ်။ အရင်ကတော့ ကျောင်းအပြည့် ပြောတယ်။ ရှောင်စရာနေရာမရှိတဲ့သူတွေ၊ စရိတ်မရှိတဲ့ လူတွေလောက်ပဲ ကျန်တာပေါ့။ ရှောင်နိုင်တဲ့လူတွေက အတတ်နိုင်ဆုံး ကိုယ့်စရိတ်နဲ့ ကိုယ် ကားလေးတွေ ရှိတဲ့သူကတော့ ကိုယ်စီကိုယ်စီ ထွက်ရှောင်ကုန်ကြတယ်လေ။”

လွိုင်ကော်မြို့မှာ မြို့ခံနဲ့ စစ်ပြေးဒုက္ခသည်အပါအဝင် ခန့်မှန်းခြေ လူဦးရေက တသိန်းထက်မနည်း ရှိပါတယ်။ လက်ရှိ ၁၁၁၁ စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့မှာ လာရောက် ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရော မြို့ခံအများစုကပါ ထပ်ပြီးတော့ စစ်ဘေးရှောင်နေရတယ်လို့ လွိုင်ကော်မြို့က စစ်ရှောင်အရေးကူညီနေတဲ့ သံဃာတော်က မိန့်ကြားပါတယ်။

“ခန့်မှန်းခြေကတော့ လူဦးရေ တသိန်း မကဘူး ထင်တယ်။ မြို့ပေါ်မှာ ၂ ပုံလောက်လောက်ပဲ ကျန်မယ်လို့ ထင်တာပဲ။”

၂၀၂၁ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ ခန့်မှန်းခြေ လူဦးရေ ၃၀၀,၀၀၀ နီးပါးရှိပြီး လွိုင်ကော်မြို့ မှာတော့ လူဦးရေက ၆၀,၀၀၀ ကျော်ရှိပါတယ်။

ရှမ်း-ကယားနယ်စပ်ဒေသတွင်း စစ်ဘေးရှောင်ရသူ အများအပြား ရှိနေတာပါ။ လွိုင်ကော်မြို့ မြောက်ဘက်၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာဘက်ကို ခိုလှုံလာတဲ့ စစ်ရှောင်အမျိုးသမီးတဦးကတော့ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ ပြေးလွှားလာရတာဖြစ်ပြီး ဆွေမျိုးအိမ်မှာ ကပ်နေနေရတယ်လို့ ပြောပါတယ်။ အခန်းကျဉ်းလေးတခုမှာ လူ ၁၀ ယောက်လောက် စုပြုံ နေထိုင်ရပြီး စားရေးသောက်ရေး အစ အခက်အခဲမျိုးစုံ ကြုံတွေ့နေတယ်လို့ ခုလို ပြောပါတယ်။

“အခုလောလောဆယ်တော့ အမျိုးဆီပဲ ကပ်စားရတာပေါ့နော်။ ပြီးတော့ အခန်းကျဉ်းကျဉ်းလေး တခန်းထဲမှာဆိုရင် ၇ယောက် ၈ယောက်၊ ကလေးတွေနဲ့ဆိုရင် ၉ ယောက် ၁၀ ယောက်၊ အဲ့လိုမျိုးကြပ်ကြပ်ကလေး အိပ်ရတယ်၊ အဲ့လိုမျိုး အခက်အခဲတွေရှိတယ်။ ကိုယ်ကအခင်းတွေ မပါ၊ ဘာမပါ စောင်မပါတဲ့အခါကျတော့လေ အခက်အခဲရှိတယ် အဲ့လိုပေါ့။ အဝတ်တထည် ကိုယ်တခုနဲ့ပဲ ထွက်လာတယ်ဆိုတော့ စောင်တွေကအစ အခုက ဆောင်းတွင်းရောက်ပြီဆိုတော့ တော်တော်လေးအေးနေပြီ။ ဒီဘက်ခြံမှာဆိုရင် ကလေးတွေလည်း ပါတယ်ဆိုတော့ စောင်တွေ ပြီးတော့ ဆန်တွေ ဆီ၊ ဆားလည်း လိုတာပါတယ်။”

ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှာ ခန့်မှန်းချေ စစ်ရှောင် ၂၀၀ လောက်ရှိပြီး နီးစပ်ရာဆွေမျိုးအိမ်နဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ညောင်ရွှေမြို့နယ်ဘက် တိမ်းရှောင်သွားတဲ့ ဒီးမော့ဆို စစ်ပြေးဒုက္ခသည်တဦးကတော့ စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲကြောင့် လွိုင်ကော်မြို့မှာ ခိုလှုံနေရာကနေ ခုတခါ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲပြင်းထန်လာတာ ကြောင့် တိုက်ပွဲကင်းတဲ့ ညောင်ရွှေမြို့နယ်ဘက် ထပ်ပြီး တိမ်းရှောင်ခဲ့ရတာ ဖြစ်ပြီး အခုလိုအခက်ခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ပထမ ၁ ည ၂ ညတော့ ပိုခက်ခဲကြမယ်။ နောက်ညတွေ နောက်ရက်တွေကျတော့ လက်ခံလာကြတာ များလာတယ်။ နောက် လမ်းမှာ ရေတွေ ဝေပေးတဲ့လူနဲ့ ထမင်းထုပ် ဝေပေးတဲ့ လူနဲ့ဆိုတော့ လက်ခံတဲ့သူများလာတယ်။ နေရာကတော့ အရမ်းကြီးတော့ မခက်ခဲပေမယ့် စားရေးသောက်ရေးကတော့ နည်းနည်းတော့ ခက်ခဲမယ်။ ဘာလို့ဆို အခုမှ ပြေးကြတယ်။ အခု လူအုပ်ကြီးကလည်း အခါတိုင်းပြေးတာထက် ပိုပြီးတော့ အရမ်းများတဲ့ လူအုပ်ကြီးဆိုတော့ စားသောက်ရေး ကတော့ ခက်ခဲတဲ့အခြေအနေတော့ ရှိသေးတယ်။”

စစ်ပြေးဒုက္ခသည်တွေဟာ လွိုင်ကော်ကနေ သူတို့နီးစပ်ရာ ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး စတဲ့ မြို့နယ်၊ ကျေးရွာတွေဘက်ကို တိမ်းရှောင်သွားကြတာပါ။ အရင်တုန်းက တချို့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်ရှောင်တွေကို လက်မခံကြဖို့ သတိပေးထားတာကြောင့် အဲဒီ ဒေသတွေမှာ မြို့ခံတွေက စစ်ပြေးဒုက္ခသည်တွေကို လက်မခံရဲကြတော့ဘဲ စစ်ရှောင်တွေ အခက်ကြုံခဲ့ရဖူးပါတယ်။

ဒါပေမယ့် အခုတော့ စစ်ရှောင်တွေ လာရောက်ခိုလှုံတာကို ပြန်လက်ခံလာကြပြီး စစ်ရှောင်တွေအတွက် ထမင်းထုပ်တွေ၊ ရေသန့်ဗူးတွေ ဝေငှပြီး ဆိုကြိုလာကြပါတယ်။ ဒါ့အပြင် စစ်ပြေးဒုက္ခသည်တွေ လိုအပ်တဲ့ အရေးပေါ်ကူညီတွေ ၊ စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေပါ ပေးလာနေပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒါပေမယ့် ကရင်နီတပ်ပေါင်းစုတွေက ကယားဒေသတွင်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲမှာ ဖြစ်ကြောင်း ကြေညာထားသလို စစ်ရေးအခြေအနေကလည်း တင်းမာနေဆဲဖြစ်တာကြောင့် စစ်ရှောင်တွေအတွက်တော့ အိမ်ပြန်ဖို့အရေးက အလှမ်းဝေးနေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG