သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဖြူးမြို့ ညောင်ပင်သာ ရဲစခန်း PDF တွေ ဝင်တိုက်


ညောင်ပင်သာရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်က ထုတ်ပြန် (ဓာတ်ပုံ - Royal Peacock Column) ဒီဇင်ဘာ ၁၃၊ ၂၀၂၃
ညောင်ပင်သာရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်က ထုတ်ပြန် (ဓာတ်ပုံ - Royal Peacock Column) ဒီဇင်ဘာ ၁၃၊ ၂၀၂၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာရှိတဲ့ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဒီမနက် ၇ နာရီ ဝန်းကျင်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေပါ တိုက်ခိုက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြူးမြို့နယ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာမို့ လူပေါင်း ထောင်ချီ စစ်ဘေးရှောင်နေ ကြရတာပါ။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် က ပြောပြပေးမှာပါ။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ ညောင်လေးပင်မြို့နယ် အနီးတဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ လောက်က စပြီး စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိရာကနေ အခုတော့ တော်တော်စိပ်လာတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ် PDF တွေက မနက် ၇ နာရီဝန်းကျင်မှာ စတင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးမှု တွေရှိတယ်လို့ PDF တောင်ပိုင်း တိုင်း အမှတ် (၂) စစ်ဒေသခွဲက တာဝန်ရှိသူ တဦးက ဗွီအိုအေကို အခုလိုအတည်ပြုပေးခဲ့ပါတယ်။

"လက်ရှိညောင်ပင်သာတိုက်ပွဲ ကတော့ ဖြူးတို့ဇေယျဝတီတို့ နဲ့နီးပြီးတော့ စစ်ရေးအရကော၊ အချက်အချာအရပါ အရေးကြီးတဲ့ ဒေသတခုဖြစ်ပါတယ်။ ညောင်ပင်သာရဲစခန်းကိုဝင် တိုက်ချိန်တဲ့မှာ အင်အား ၆၀ ခန့်ရှိပြီးတော့ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ အင်အား ၃၀ ခန့် သေဆုံး ကျနော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ကျန်တဲ့ စစ်သားနဲ့ ရဲတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ တပ်ကိုစွန့်ခွာပြီးတော့။ အဲဒီအခြေအနေမှာရှိပါတယ်။"

စစ်ကောင်စီဘက်က မနက် ၁၀ နာရီ ဝန်းကျင်အထိ လေကြောင်း ပစ်ကူတာ သာမက လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်လာတယ်လို့လည်း ဒေသခံတွေက ရော၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကပါ အတည်ပြုပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့ အမှတ် (၂) စစ်ဒေသခွဲ က တာဝန်ရှိသူတဦးကတော့ လက်ရှိ အခြေအနေကို အခုလို ရှင်းပြပါတယ်။

"လက်ရှိ ရဲစခန်းသိမ်းပိုက်ပြီးတော့ သူတို့နေတဲ့အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးထားတယ်။ သူတို့ဘက်က လေကြောင်းနဲ့တုံ့ပြန်မှုရှိတယ် ကျနော်ဒီအခြေအနေထိဘဲသိရပါသေးတယ်။ အသေးစိတ်ကျွန်တော့်ဆီကို ကြေးနန်းမရောက်သးပါဘူးခင်ဗျ"

ဖြူးမြို့နယ်ထဲ ပါတဲ့ ကျော်လှရွာ၊ဆိပ်ဖူးခင်ကျေးရွာ၊ လှသင်းမောင်ရွာ၊ မန်းကျီးကုန်းကျေးရွာ၊ လယ်ပြင် လေးကုန်း ကျေးရွာနဲ့ သပြေခင် ကျေးရွာစတဲ့ နေရာတွေအပြင် ကညွတ်ကွင်း ဘက်က ကျေးရွာ တွေမှာပါ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာ ကြောင့် ကျေးရွာဒေသခံတွေဟာ ဖြူးမြို့ပေါ်ကို ရှောင်ပြေးနေ ကြပါတယ်။ ဒီမနက်ဖြစ်စဉ် နောက်ပိုင်းမှာ လေကြောင်းပစ်ကူသာမက လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တာတွေရှိနေ တာမို့အပြစ်မဲ့ပြည်သူတချို့သေဆုံးတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"မနက် ၉ နာရီ ၁၀ နာရီ လောက်က ခလရ ၄၃၉ က လက်နက်ကြီးနဲ့ ထုတော့ လူတယောက်သေသွားတယ် ထိခိုက်တဲ့သူတွေလည်းရှိတယ်။ အမတို့က ထိခိုက်တဲ့လူ အတိအကျတော့ မသိတော့ဘူး ၊ သေတဲ့သူကတော့ တယောက်သေတယ်။ နောက်နေ့ ၂ နာရီ ၃နာရီ လောက်စခန်း ကနေပြန်ဆုတ် တော့ စကစဘက်က လက်နက်ကြီးတွေနဲ့ မပစ်တော့ဘူး။ ရွာဘက်က လူတွေ ဖြူးဘက်ကို တက်လာတာ ပေါ့။ ခု ညနေပိုင်းက အရမ်း စစ်ဆေးကြမ်းနေတယ် ညောင်ပင်သာရွာထဲကော ဖြူး ဘက်အဝင်အထွက် ကော ပိုက်စိပ်တိုက်စစ်တယ်။ အဲလိုတွေလုပ်ပစ်တယ်။"

ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းနိုင်ဖို့ ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီ သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် သတင်းချယ်နယ်တွေမှာတော့ ညောင်ပင်သာ ရဲစခန်း ဝင်တိုက်ခံရကြောင်း ရေးသားဖော်ပြထားတာ ရှိပေမဲ့ ဗွီအိုအေဘက်က တရားဝင်အတည်ပြု နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၄ ရက်နေ့ ကလည်း ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်းက မုန်းမြို့ကို သိမ်းယူနိုင်ဖို့ တော်လှန်ရေး ပူးပေါင်းတပ်များနဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပြီး အဲဒီတုန်းကလည်း တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ တိုက်ခိုက်မှု တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG