သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းမြို့တိုက်ပွဲအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချတယ်လို့ KNU ထုတ်ပြန်


ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က KNU နဲ့တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ တပ်ဖွဲ့ဝင် ၁၉ ဦး။ (ဓာတ်ပုံ KNU)
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က KNU နဲ့တိုက်ပွဲအတွင်း လက်နက်ချခဲ့တဲ့ တပ်ဖွဲ့ဝင် ၁၉ ဦး။ (ဓာတ်ပုံ KNU)

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ဒီဇင်ဘာလ (၇) ရက်နေ့အထိ စစ်ကောင်စီဘက်က တပ်စခန်းတွေကိုသိမ်းတဲ့အခါမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် ၁၉ ဦး လက်နက်ချခဲ့ပြီး ၁၂၀ လောက် သေဆုံးတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ မုန်းမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၂ ရက်နေ့က ၇ နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA-PDF ပူးပေါင်းတပ်တွေဟာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ခမရ (၅၉၀) တပ်ရင်း ဌာနချုပ်၊ မုန်းမြို့မရဲစခန်းနဲ့ ကော့ပြင် တပ်စခန်းတွေကို ကေအန်ယူဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနောက် ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့ မုန်း-သာစည်တံတားကင်းတွေကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ချသူတွေထဲမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကာင်စီတပ်ဖွဲ့ဝင် ၁၉ ယောက်ရှိခဲ့သလို ၁၂၀ လောက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအတော်များများ သိမ်းဆည်းရရှိခဲ့တယ်လို့ ကေအန်ယူက ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတွေကတော့ အခုလိုပြောပါတယ်။

“ခမရ ၅၉၀ တပ်ရင်းကျတော့ - KNU/KNLA အဖွဲ့တွေ စုပေါင်းအဖွဲ့တွေက တိုက်တော့ ခမရ ၅၉၀ ကျပြီး ပြန်ပြီးလာတဲ့ ခလရ−၈၄ ပေါ့အဲဒီတပ်ကို ပြန်ဝိုင်းတော့ အဲဒီတပ်က ဗိုလ်မှူးကော၊ ဗိုလ်ကြီးကော အဲဒီ ၂ ယောက်အပါအဝင် ၁၉ ယောက်က လက်နက်ချအညံ့ခံတယ်။ အဲဒီ မှာ လူ ၁၀၀ ကျော်လောက်လည်း သေတယ်။ အခုဆိုရင် မုန်းကမ်းနားတလျှောက်မှာ လူသေတွေနဲ့ ပုပ်စော်တွေလည်းနံနေတာပဲ။”

နှစ်ဘက်တိုက်ပွဲတွေအတွင်း ခလရ ၈၄ က ဒုရင်းမှူး ဗိုလ်မှူး ကျော်လတ်ခိုင်၊ ဗိုလ်ကြီး အာကာစိုး၊ ဗိုလ်ကြီး နိုင်နိုင်ထွန်းတို့အပါအဝင် ၁၉ ဦး လက်နက်ချခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုန်းမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်လုပ်တဲ့အတွက် ဒေသခံတွေလည်း ထွက်ပြေးနေရပြီး ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ပြောပါတယ်။ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးကတော့ လောလောဆယ်မှာ စစ်ကောင်စီဘက်က လက်နက်နဲ့အင်အားတွေ ဆုံးရှုံးခဲ့တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ဒေသခံလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

“လောလောဆယ်မှာ သူတို့အင်အားက မြေပြင်စစ်ကူမရှိတော့တဲ့အခါ မှာ လေကြောင်းကနေ ပစ်ခတ်နေပါတယ်။ သူတို့က ဒုက္ခပေးတဲ့ပစ်ခတ်မှုတွေ လုပ်နေတယ်။ မုန်းမြို့နယ်ထဲမှာတော့ လူထုကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုချိန်ထိ လုပ်နေပါတယ်။”

နှစ်ဘက်တိုက်ပွဲတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့်ပါ မုန်းမြို့နယ်ထဲမှာတော့ ဒေသခံ ၇ သောင်းလောက်ဟာ အိုးအိမ်တွေ စွန့်ခွါပြီး ဘေးလွတ်ရာထွက်ပြေးနေရသလို သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်း အများအပြားရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG