သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်က မြန်မာကို စာနာမှုအကူအညီ ဒေါ်လာ ၅ သန်းခွဲကျော် ပေးမည်


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီအဖြစ် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၄ သန်းခွဲ (ဒေါ်လာ ၅.၆ သန်းကျော်) သုံးစွဲမဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ မကြာသေးခင် လတွေကစ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်က စာနာမှုအကူအညီ လိုအပ်ချက်တွေအတွက် ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် သုံးစွဲမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

အောက်တိုဘာလ နှောင်းပိုင်းကစ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီအပေါ် စစ်ဆင်ရေးတွေ စတင်ခဲ့ရာက မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာခဲ့ပြီး နောက်ထပ်နေရပ်စွန့်ခွာရသူ ၅၇၈၀၀၀ ရှိတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာရုံး (UNOCHA) က ခန့်မှန်းထားပါတယ်။ စာနာမှုအကူအညီ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေပေမဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်မှာ လျာထားချက် ရန်ပုံငွေရဲ့ ၂၉ ရာခိုင်နှုန်းသာ ရခဲ့တာကြောင့် ဒေါ်လာ ၆၃၂ သန်း လိုအပ်နေတာပါ။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက အကျပ်အတည်းတွေအတွက် စာနာမှုအကူအညီတွေ အကြီးအကျယ် လိုအပ်နေတယ်လို့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။ သီတင်း ၂ ပတ်လောက်သာ ကျန်တော့တဲ့ ၂၀၂၃ ခုနှစ်အထိ ဒေါ်လာသန်း ၄၀၀ လောက် လိုအပ်နေတယ်လို့လည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကမ္ဘာ့ဒုက္ခသည်ရေးရာ ညီလာခံမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG