သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မြို့နယ် ၆ ခု စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု တိုးလာ


ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ပလက်ဝမြို့အနီးက ထရွန်အိုင် ဗျူဟာကုန်းကို သိမ်းပိုက်ကြောင်း AA ထုတ်ပြန် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ ခု လောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ ပိုများလာနေ တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ အခုလို ပစ်ခတ်မှုတွေကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းစတဲ့ မြို့နယ်တွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာပါ။ ဒါအပြင် စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်တွင်း အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးနေပြီး မနေ့က တရက်တည်းမှာတင် ဒေသခံ ၄၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ AA ရက္ခိုင့်တပ်တော် က ထုတ်ပြန် ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ခြောက်ခု လောက်မှာ ဒီကနေ့ အထိ စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ် နေတာကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရတာတွေ၊ နေအိမ် မီးလောင်ပျက်စီးတာတွေ များလာပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ဒီကနေ့ မနက်ပိုင်းမှာလည်း မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပစ်ခတ်မှုတွေကြောင့် မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာမှာဆို ရွာလုံးကျွတ် ဘေးလွတ်ရာ ရှောင်တိမ်း ထွက်ပြေးနေကြရတယ်လို့ ပန်းမြောင်းကျေးရွာ ဒေသခံတဦးက ရခိုင်လို ပြောထားတာဖြစ်ပါတယ်။

“ ဒီနေ့ မနက်ပိုင်းက ၁၈ ကြိမ်လောက်ပစ်တယ် လက်နက်ကြီး မြောက်ဦးဖက်က ပစ်တာ၊ ဒေသခံတွေ အကုန်လုံးလည်း ထွက်ပြေးနေကြရတယ်။ တခြား ဒဏ်ရာရတာတို့ ဘာတို့တော့ လောလောဆယ်မှာ မရှိပါဘူး။”

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် ဒေသခံ အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်ထား တာပါ။ မနေ့က ဒီဇင်ဘာလ ၁၂ရက်နေ့ တရက်တည်းမှာပဲ စစ်တွေမြို့ ကိုးရီးယား ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ ဘုတ်၊ စက်လှေနဲ့ သဗ္မာန်တွေက အရပ်သား ပြည်သူ ၃ဝ ကျော်ကို ဖမ်းဆီးသွားသလို မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက ဒေသခံ ၇ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ AA ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနေ့က စစ်တွေမြို့နယ်က ဖမ်းဆီးခံရသူ ၃၀ နီးပါးဟာ လက်လုပ်လက်စား သဗ္မာန်သမား တွေဖြစ်ပြီး အခုလို ဖမ်းဆီးတာမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် နေ့စား အလုပ်သမား တွေအတွက် စားဝတ်နေရေး အခက်ကြုံလာ နိုင်ပြီး ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနေတယ်လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

“ မနေ့က ဆိုရင် စက်လှေသမားတွေကို ဖမ်းဆီးသွားတာရှိတယ်၊ ဒီလှေသမားတွေ ဆိုတာ ကလည်း တနေ့စာ တနေ့ လုပ်စားနေရတယ်၊ အဲလိုမျိုးဖမ်းဆီးမှုတွေ ဆက်လုပ် နေမယ်ဆိုရင် ခြိမ်းခြောက်မှု တခုအနေနဲ့ ဖြစ်လာပြီးတော့ နေ့စား အလုပ်သမားတွေအတွက် တော်တော် လေးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်ခင်ဗျာ။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့စနေပြီး ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုနဲ့ ကုန်းလမ်းရေလမ်းတွေကို အားလုံးကို စစ်ကောင်စီက ပိတ်ထားသလို မြို့တွင်း စစ်ဆေးမှုတွေ တင်းကြပ်လာပြီး အရပ်သားဒေသခံ တွေကို စစ်ဆေး ဖမ်းဆီးနေတာပါ။

စစ်ကောင်စီအနေနဲ့ အခုလိုအရပ်သားပြည်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေ မလုပ်သင့် ကြောင်းလည်း ရခိုင်ဒေသခံ တဦးကပြောပါတယ်။

“ အဓိကတော့ ကျနော်တို့ ပဋိပက္ခတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမယ့် ဒါက စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရ ဖြစ်စေ ဒါက ပြည်သူတွေနဲ့ လားလားမျှ မသက်ဆိုင်တဲ့ အရာတခုဖြစ်တယ်၊ စစ်ရေးကို စစ်ရေးအရ ဖြေရှင်းကြ နိုင်ငံရေးအရလည်း သူတို့ လုပ်သင့်လုပ်ထိုက်တာကို ဥပဒေဘောင် အတွင်းက လုပ်စေချင်တယ် ပြည်သူတွေအပေါ် အခုလို ပစ်မှတ် ထားပြီးတော့ ဖမ်းဆီးတာတို့ ခြိမ်းခြောက်တာ တို့ လုပ်နေတာကိုတော့ လုံးဝ ကန့်ကွက်ချင်ပါတယ်။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ AA တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ AA ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်အရ အရပ်သား သေဆုံးသူ ၃ဝကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁ဝဝကျော် အထိရှိနေပြီး ဖမ်းဆီးခံရသူ ၁ဝဝ လောက်အထိရှိနေ တာလည်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်း ရေကြောင်းတွေက နေ တိုက်ခိုက်နေတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ လည်းရှိတယ်လို့ ရခိုင်လက် နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ AA အဖွဲ့အနေနဲ့ အရပ်သားတွေကို အကာ အကွယ်ယူ တိုက်ခိုက်နေ တာဖြစ်တယ်လို့ စစ်ကောင်စီကပြောဆိုထားတာရှိသလို ကျေးရွာတွေကို မီးရှို့တာတွေ မရှိဘူးလို့လည်းငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG