သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပေါ် သဘောထားအမြင်တချို့ 


ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ စစ်ကောင်စီကို ရှမ်းပြည်မြောက်ပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိနေပေမယ့် မြန်မာပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို သူတို့အနေနဲ့ လျစ်လျူရှုသွားမှာ မဟုတ်တဲ့အပြင် နောက်လှည့်သွားမှာလည်း မဟုတ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ညဉ့် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ နှစ်ဘက်အဖွဲ့အစည်းတွေကြား အခု ဒီဇင်ဘာ လကုန်ပိုင်းမှာ ထပ်မံတွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ လက်ရှိမှာတော့ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ဖြစ်ပွါးနေတာပါ။ ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွါးမှုအတွက် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတချို့ရဲ့ သဘောထားတွေကို စုစည်းပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကိုတော့ ကိုစည်သူ ပြောပြပေးမှာပါ။

တရုတ်အစိုးရရဲ့ ကြားဝင်ညှိနိုင်းမှုကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့ MNDAA, AA, TNLA မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သူတို့အနေနဲ့ မြန်မာပြည်သူလူထုနဲ့ လက်တွဲပြီး ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ မနေ့ ဒီဇင်ဘာလ ၁၂ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်က ကြားဝင်စေ့စပ်ပေးပေမဲ့ လက်ရှိမြေပြင်မှာတော့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် တွေရဲ့ တိုက်ပွဲတွေကတော့ ဆက်တိုက်ရှိနေပါတယ်။ အပစ်ရပ်စဲရေးဟာ ခေတ္တယာယီ သဘောသာဆောင်ပြီး လက်ရှိမှာ မြန်မာစစ်ကောင်စီအပေါ် တော်လှန်ရေး အဖွဲ့အစည်းတွေက ယုံကြည်မှု အပြည့်အဝ မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က ပြောပါတယ်။

" တနေ့နေ့ တချိန်ချိန်မှာတော့ ဆွေးနွေးပွဲ စားပွဲပေါ်ကို ရောက်မှာပဲ။ ဒါပေမဲ့ လောလောဆယ် မလွယ်သေးပါဘူး။ အခုသဘောတူညီမှု ရတယ်ဆိုတာလည်း ယာယီအပစ်ရပ်စဲရေး လောက်ပဲ ရတာပါ။ နောက် စစ်တပ်ကလည်း မယုံရပါဘူး။ အစကတည်းက သဘောရိုးနဲ့လုပ်တာမှ မဟုတ်တာ။ သူ့စစ်တပ် အကြီးအကျယ်ကျနေတာကို တစုံတရာပြုဖို့ လုပ်တာပဲ။ သူ့မှာ အပစ်အခတ်ရပ်စဲရေးအတွက် အစီအစဉ်မရှိပါဘူး။ ငြိမ်းချမ်းစွာသွားဖို့လည်း အစီအစဉ်မရှိပါဘူး။ ညီနောင်သုံးပါတီကလည်း အခုမှ စစ်ကောင်စီနဲ့ တွေ့ဖူတဲ့သူတွေ မဟုတ်ဘူး၊ တောက်လျှောက် တိုက်လာရတော့ သူတို့လည်း ကောင်းကောင်း သဘောပေါက်ပါတယ်။ အဲဒါမို့ ယာယီ အပစ်အခတ် ရပ်စဲရေး တရုတ်က ဝင်ပြောလို့ တစုံတရာ မျက်နှာထောက်ထားသောအားဖြင့် လုပ်ပေးလိုက်တာ ပဲထင်တယ်၊ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပဲ။"

ပြည်တွင်းမှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုတဲ့ အစုအဖွဲ့က အများစုဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးခုအပေါ်မှာ အခြေတည်ပြီး စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ အလေးထားကြောင်း လေ့လာသူတချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီးတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ တုံ့ပြန်မှုဟာ သူတို့ရဲ့ မူလရည်မှန်းချက်တွေအပြင်၊ လူထုတော်လှန်ရေးကိုပါ ထည့်သွင်းစဉ်းစားရတဲ့ အနေအထားမှာရှိကြောင်း တချို့က မြင်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

" အဲလိုမျိုး တွန်းအားတွေက ဆန့်ကျင်ဘက်ဖြစ်လာတဲ့ အခုလို တရုတ်ကလည်း စေ့စပ်ညှိနှိုင်းဖို့ ပြေလည်ဖို့အတွက် တွန်းအားပေးလာတာမျိုး နောက်ဒီနိုင်ငံရေး အခြေအနေအရ သူတို့ရဲ့ တိုက်ပွဲအခြေအနေအရ သူတို့ရဲ့ နဂိုရည်မှန်းချက် အစုအဖွဲ့ကိုယ်စီနဲ့ ပြည့်မီသွားတဲ့အခါမျိုးမှာ ဒီနွေဦးတော်လှန်ရေး မျှော်မှန်းချက်ကြီးကို လိုက်လုပ်နိုင်ဖို့ သူတို့ဆီမှာ ကန့်သတ်မှုတွေရှိတယ်။ ငွေရေးကြေးရေး လူအင်အားအရ တိုက်ပွဲတခုဆိုတာမှာ လိုအပ်ချက်တွေက အများကြီးရှိတာကိုး။ အဲတိုက်ပွဲကို သူတို့သတ်မှတ်နယ်မြေ ကျော်လွန်ပြီးတော့ ဆက်ပြီး expand လုပ်ဖို့ဆိုတဲ့ဟာကလည်း သူတို့ရဲ့ ကန့်သတ်မှု လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်း ဆိုတာမှာ အများကြီး မူတည်တယ်။ သူတို့ရှိထားပြီးသား မူဘောင်တွေ ကန့်သတ်မှုတွေ ကြားထဲမှာ ဘယ်ဟာကို ဘယ်ဟာကို ဦးစားပေးပြီး ဘယ်ဟာကို အရှုံးခံမယ် မရရအောင် လုပ်မယ်ဆိုတာ စဉ်းစားကြရမှာဖြစ်တယ်။ အဲလိုစဉ်းစားမှုမှာ တော်လှန်ရေး လိုအပ်ချက်အရ MNDAA က မန္တလေးအထိ ရန်ကုန်အထိ ဆင်းလာပြီး နယ်မြေတွေ ချဲ့ထွင်ပြီး သိမ်းမယ်ဆိုတဲ့ဟာတော့ ကျနော်သိပ်မထင်ဘူး။"

မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ တင်းမာမှုတွေ လျော့ကျသွားမှ တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အကျိုးစီးပွားအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်ထွက်ပေါ်ခဲ့တာကို တရုတ်နိုင်ငံ အနေနဲ့ ကျေနပ်ကြောင်း သူက အင်္ဂါနေ့က ပြောခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ ပြီးဆုံးတဲ့အထိ ဆက်လက် ပံ့ပိုးကူညီဖို့လည်း အဆင်သင့်ရှိပါတယ် - လို့လည်း Mao Ning က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG