သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင် ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို သွားရောက်ခဲ့


စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့မြောက်ဒေသ အချက်အချာ လားရှိုးမြို့ကို သွားရောက်ပြီး စစ်တပ်မိသားစုတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်း စစ်ရေးဆောင်ရွက်ကွပ်ကဲမှုတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်မှုမရှိသေးပါဘူး။ ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီစစ်စခန်းပေါင်း ၂၀၀ ကျော်နဲ့ မြို့တချို့ လက်လွှတ်ဆုံးရှုံးခံရပြီးတဲ့နောက်ပိုင်း ရှမ်းမြောက်ဒေသ အဓိက စစ်တိုင်းဌာနချုပ်ရှိရာကို စစ်ကောင်စီခေါင်းဆောင် ပထမဆုံးအကြိမ်ရောက်ရှိလာတာပါ။

ရှမ်းမြောက်ဒေသမှာတော့ လားရှိုး၊ မူဆယ်နဲ့ လောက်ကိုင်မြို့တွေကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲရှိပါတယ်။ တချိန်တည်းမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ၂၀၁၀ ခုနှစ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ခဲ့သူ ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို တရုတ်နိုင်ငံဘက်ကနေ အွန်လိုင်းလိမ်ညာမှုရာဇဝတ်လုပ်ငန်းတွေအတွက် ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

ပယ်ဆောက်ချိန်ဟာ ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA တပ်ကို တိုက်ထုတ်ရာမှာ မြန်မာစစ်တပ်နဲ့မဟာမိတ်လုပ်ခဲ့တဲ့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG