သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တရုတ်စေ့စပ်မှုနဲ့တွေ့ဆုံဆွေးနွေး


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေကြစဉ် (ဇွန် ၁၊ ၂၀၂၃)

စစ်ကောင်စီအနေနဲ့ တရုတ်အကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာဟာ သူရင်ဆိုင်နေရတဲ့ စစ်ရေး၊နိုင်ငံရေးအကြပ်အတည်းကို ထွက်ပေါက်ရှာရေးအတွက်ဖြစ်တယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။

ကိုးကန့်ဒေသ အရေးပါတဲ့ လောက်ကိုင်မြို့ကို ကိုးကန့် MNDAA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က သိမ်းပိုက်ဖို့ ကြိုးစားနေချိန် စစ်ကောင်စီဘက်က ရုတ်တရက် တွေ့ဆုံဆွေးနွေးဖို့ ဘာကြောင့် ကြိုးစားခဲ့သလဲ။ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က အသံဖိုင်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တရုတ်အစိုးရ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး တိုးတက်မှုအခြေအနေပေါ်မှာမူတည်ပြီး ဒီလကုန်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ ရှိကြောင်း ပြောကြားလိုပါတယ်။”

ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်သူတွေ ပါဝင်တွေ့ဆုံခဲ့သလဲဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားခြင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်း TNLA ပြောခွင့်ရကို မေးမြန်းခွင့်ရခဲ့ချိန်မှာ သူတို့အနေနဲ့ ဒီတွေ့ဆုံဆွေးနွေးတဲ့ကိစ္စကို ဘာမှ မသိသေးဘူးလို့ တုံံ့ပြန်ပြောဆိုခဲ့ပါတယ်။

"တွေ့ဆုံဆွေးနွေးရေးကိစ္စ ကျနော်တို့ ဘာမှ မသိသေးဘူးခင်ဗျ။ တွေ့တာဟုတ်လား မဟုတ်လားဆိုတာ မသိရသေးဘူး။ ကျနော်တို့ဆီမှာတော့ တိုက်ပွဲတွေက အခုညပိုင်းအထိ တိုက်လျောက်ဖြစ်နေပါတယ်။"

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က မနေ့ညပိုင်းက ဗွီအိုအေကို တယ်လီဖုန်းနဲ့ ဖြေဆိုခဲ့တာပါ။ အခုလို တရုတ်အကူအညီနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ညီနောင်သုံးဖွဲ့ဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး အခုအချိန်အထိ မရှိသေးပါဘူး။

ဗွီအိုအေက စုံစမ်းသိရသလောက်တော့ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်ယူနန်ပြည်နယ် ကူမင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလကုန်ပိုင်းအထိ ကိုးကန့်ဒေသမှာ နှစ်ဘက် ယာယီအပစ်ရပ်ထားမယ်လို့ ဆိုပါတယ်။ ဒါအပြင် အပစ်အခတ်ရပ်ရေးနေရာဟာ MNDAA နဲ့ အဓိကဖြစ်နေတဲ့ ကိုးကန့်ဘက်မှာပဲဖြစ်ပြီး TNLA နဲ့ AA ရခိုင့်တပ်တော်တို့ ရှိတဲ့ နယ်မြေတွေမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အခုလို စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရင်းကို တရုတ်-မြန်မာဆက်ဆံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က ဗွီအိုအေကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“သူ့ရဲ့ စစ်ရေးအကြပ်အတည်းကြုံနေတဲ့အနေအထားမှာ တရုတ်ကိုအကူအညီတောင်းတဲ့အတွက် တရုတ်က ယူနန်ပြည်နယ်ကနေတဆင့် ဒီကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့ ကျနော်သိရပါတယ်။ ဒီဟာရဲ့ ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ခြုံကြည့်မယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ သူ့ရဲ့စစ်ရေးအကြပ်အတည်းကနေပြီးတော့ ထွက်ပေါက်တခု ရသွားတယ်လို့တော့ ပြောနိုင်ပါတယ်။ အဲဒီတော့ သူ့မှာ နိုင်ငံရေးထွက်ပေါက်၊ စီးပွါးရေးထွက်ပေါက်၊ သံတမန်ရေးထွက်ပေါက်- ဘာထွက်ပေါက်မှမရှိဘဲ အလုံပိတ်ဖြစ်နေတဲ့အချိန်မှာ စစ်ရေးထွက်ပေါက်တခု ရသွားတယ်လို့ ပြောလို့ရပါတယ်။”

ဒီတော့ စစ်ကောင်စီဘက်က ကိုးကန့်ဒေသမှာ လက်ရှိ စစ်ရေးအရ ဘယ်လောက်အထိ အကြပ်အတည်း ကြီးမားနေသလဲ။ ဦးသန်းစိုးနိုင်ရဲ့အမြင်ကတော့-

“စစ်ကောင်စီအနေနဲ့က ဒီအတိုင်းဆက်သွားလို့ရှိရင် သူ့အနေနဲ့ မုချ လောက်ကိုင်စခန်းကိုလည်း အသိမ်းခံရတော့မယ်ဆိုတာ သူလည်း သဘောပေါက်မှာပါ။ အဲလိုသဘောပေါက်နေတဲ့အနေအထားအောက်မှာ သူ့ရဲ့ စကစမှူးတွေ၊ နောက်ပြီးတော့ တပ်သားတွေ၊ တခြား အဆင့်အဆင့် အသီးသီးသော စစ်သည်တွေ အသက်ဘေးကနေပြီးတော့ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်ရှာနေတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီလို အကျဥ်းအကြပ်တွေ့နေတဲ့အချိန်မှာ သူ့အနေနဲ့ ဒီဒေသမှာ အခုဟာက ၁၅ ရက်လောက် စစ်ရပ်စဲဖို့ သဘောတူလိုက်တာ။”

အဲတော့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ က အကူအညီတောင်းတဲ့အတွက် ကြားဝင်ဆောင်ရွက်ပေးတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကို ဘယ်လိုမြင်ပါလဲ။

“သူကတော့ နိုင်ငံကြီးဖြစ်တဲ့အလျောက် သူကတော့ သည်းခံပြီး စောင့်ကြည့်နေတယ်။ ဒါပေမဲ့ အခြေအနေ ပြောင်းလဲသွားတာနဲ့တပြိုင်နက် တရုတ်ရဲ့ပေါ်လစီတွေက ပြောင်းသွားမှာပါပဲ။ တကယ်လို့သာ ဒီစစ်ဆင်ရေးကြီးက တပြည်လုံးကို သိမ်းပိုက်အောင်မြင်လိုက်ပြီဆိုတာနဲ့ အဲဒီ အာဏာရလာတဲ့အစိုးရကို တရုတ်က သူက ကမ်းလှမ်းမှာပါပဲ။”

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ကြောင်း မနေ့က ပြောဆိုထားပါတယ်။

XS
SM
MD
LG