သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့မှာ ၅ ဦးထက်မနည်း သေဆုံး


စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံး (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံး (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံးကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ထက်မနည်း သေဆုံးခဲ့ ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ခမ်းပတ်မြို့မှာလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ အနီးမှာ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်ထားတဲ့ မြို့နယ် တရားစီရင်ရေးရုံးကို ဒီဇင်ဘာ ၁၂ ရက် ဒီကနေ့ မွန်းတည့်အချိန်က စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးနဲ့ တရားရေးတာဝန်ခံပါအဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် တရားရုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ သတင်းပေးရှိတဲ့အတွက် အခုလို လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“၁၂ နာရီ ၅ မိနစ်လောက်မှာ အပစ်ခံလိုက်ရတာ။ ဂျက်ဖိုက်တာနဲ့ ၄ ချက်ပစ်လိုက်တာ။ တည်နေရာပေါက်ပြီးတော့ ဒလန်လည်းကောင်းလို့ပါ တိတိကျကျပေးပြီးတော့ ပစ်ခံလိုက်ရတာ။ ဗုံးနေမှာပါ။ တော်တော်လေး စုတ်ပြတ်သွားပြီး အလောင်းတွေ ကလည်း မီးရှို့ထားသလို ပုံစံမျိုးတွေ ဖြစ်ကုန်တာ။ ကျွန်တော်တို့ မြို့နယ် တရားရေး တာဝန်ခံနဲ့ သူ့ရဲ့ဇနီးနဲ့ အောက်က ရဲဘော် ၁ ယောက်နဲ့ ၃ ယောက်ကတော့ တခါတည်းသေသွားတယ်။ လာပြီးတော့ ဧည့်သည်အဖြစ်လာတွေ့တဲ့ လင်မယား ၂ ယောက်ကလည်း အမျိုးသမီးကလည်း ဆုံးတယ်။ သူ့ကလေး အသက် ၁ နှစ် မရှိ တရှိလောက် ကလေးလည်းဆုံးတယ်။ အားလုံး အလောင်း ၅ လောင်းပေါ့။ ထိခိုက်ဒဏ်ရာရ တာကတော့ ဧည့်လာတွေ့တဲ့ အမျိုးသားကတော့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတယ်။ ကုသဆဲ သူ့အသက်အန္တရယ်ကလည်း စိတ်ချရတဲ့အထဲတော့ မပါသေးဘူးပေါ့။ လုနေရတာ။”

သေဆုံးသွားတဲ့ တရားရေး တာဝန်ခံဟာ အသက် ၂၀ ကျော် အရွယ်ပဲရှိသေးပြီး အမျိုးသမီးဖြစ်သူဟာလည်း ကျေးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ကြား ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ အရင်ကလည်း ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးရုံးကို စစ်တပ်လေကြောင်းကနေ တိုက်ခိုက်တာ၊ ဝင်ရောက် စီးနင်းတာတွေ ရှိခဲ့တာပါ။

စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံးအနီးဝန်းကျင် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံးအနီးဝန်းကျင် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းထဲက ခမ်းပတ်မြို့မှာလည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက်ရှိနေပြီး ဒီဇင်ဘာ ၁၂ ရက်၊ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ စစ်တပ်ကလေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ပြီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေနေကို ခမ်းပတ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ခုလို ပြောပြပါတယ်။

“အမှတ် (၁) ရပ်ကွက်နဲ့ စစ်တပ်ကုန်းဘက်ကို ၂ နေရာချသွားတာ။ လေးလုံး လာချသွားတာ ၂ နာရီနဲ့ မိနစ် ၄၀ လောက်က သေနတ်သံတွေကတော့ အခုထိကို မစဲသေးဘူး ကြားနေရတုန်းပဲ။ တိုက်ပွဲကတော့ ဆက်တိုက်ရှိ နေ တုန်းပဲပေါ့နော်။ စစ်တပ်ကုန်းရယ် စစ်တပ်ကုန်းက ထွက်လာပြီး စစ်တပ်ကုန်းရဲ့ အနောက်ဖက် AG ဘုရားကျောင်းရယ် အဲ့နားလေးက မိဘမဲ့ဂေဟာပေါ့နော် အဲ့မိဘမဲ့ဂေဟာမှာ သူတို့က အကာအကွယ် ယူပြီး နေနေကြတုန်း။ သူတို့ဘက်ထဲမှာတော့ ပြူစောထီးရယ် စစ်သားရယ်နဲ့ ပေါင်းထားတဲ့ သဘောပေါ့နော်။ အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရတယ်။ သူတို့ထဲမှာကိုမှ လုံး၀ စစ်မတိုက်ချင်တဲ့ သူတွေလည်း ပါတယ်။ သူတို့ထဲမှာ ထိခိုက်တဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ ၇ ဦးနဲ့ ၈ ဦး လောက်ရှိတယ်လို့ ပြန်လွတ်လာတဲ့ သူတွေက ပြောတယ်။”

ဒီဒေသမှာ တိုက်ပွဲတွေ ပြန်လည်စတင်တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း အမှတ် ၁ နဲ့ အမှတ် ၄ ရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခမ်းပတ်မြို့က စစ်တပ် တပ်စွဲထားတဲ့ နေရာကို နိုဝင်ဘာ ပထမအပတ်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်ပြီး ၁ လအကြာမှာ စစ်တပ်ဘက်က ထိုးစစ်တွေ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

စစ်တပ်ကုန်းနဲ့ အနီးဆုံးမှာရှိတဲ့ ခမ်းပတ် အမှတ် ၁-၂-၃-၄ ရပ်ကွက်က ဒေသခံတွေဟာ စစ်တပ်က ထိုးစစ်ပြင်ဖို့ စတင်နေတဲ့ ဒီဇင်ဘာ ၆ ရက်ကတည်းက စလို့ ကြိုတင် တိမ်းရှောင်နေကြရတာဖြစ်ပြီး သူတို့အတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG