သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန့်ဆည်မြို့အစိတ်အပိုင်းတချို့ တော်လှန်ရေးအဖွဲ့တွေသိမ်းယူ


တန့်ဆည်မြို့ (Crd: တန့်ဆည်သားများဆုံစည်းရာ ဖဘ)
တန့်ဆည်မြို့ (Crd: တန့်ဆည်သားများဆုံစည်းရာ ဖဘ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်းကစပြီး ၂၉ ရက်နေ့တနေ့လုံး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးပြီး တန့်ဆည်မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တန့်ဆည်မြို့မှာ စစ်ကောင်စီ စခန်းချတပ်စွဲထားတဲ့ မြို့မရဲစခန်း၊ ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးတို့ကို နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်မှာ တနေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီကနေ့ တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က တဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြို့မရဲစခန်းကို သိမ်းပိုင်နိုင်ဆဲအချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ ခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ဘက်သုံး ရဟတ်ယာဥ်နဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင် ပို့ခဲ့ပြီး ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတယ်လို့ ပြောပါတယ်။

“အခု လောလောဆယ် သူတို့ ရေဦးကနေ တပ်ကူလေကြောင်းနဲ့ ပို့ထားတာက အင်အားဖြည့်ပြီးတော့ စခန်းထဲမှာ ပြန်နေရာယူထားတယ်လို့ သိရပါတယ်ဗျ။ ခန့်မှန်းက သူတို့ အင်အားက ၇၀ လောက်ပါ။”

စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၉ ရက် တနေ့တည်းမှာ တိုက်လေယာဉ်ရော ရဟတ်ယာဥ်ကိုပါအသုံးပြုပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“လေကြောင်းကတော့ မနက် ၆ နာရီဝန်းကျင်က တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက တလုံးချသွားတယ်ဗျ။ နေ့လယ် ၁ နာရီ ၃၀ ကတလုံးပါဗျ၊ ၁ နာရီ ၃၂ မိနစ်ကို တလုံးပါဗျ၊ ညနေ ၃ နာရီ ၇ မိနစ်ကို တလုံးပါဗျ၊ ၅ လုံးပါဗျ၊ ညနေ ၃ နာရီကို တလုံးပါဗျ။ ဂျက်ဖိုက်တာနဲ့က ၂ ကြိမ်ပါဗျ၊ မနက် ၆ နာရီဝန်းကျင်နဲ့ ညနေ ၃ နာရီကျော်မှာပစ်တာ၊ ကျန်တာက နမခ က တက်လာတဲ့ Mi 35 နဲ့ပါဗျ။”

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တန့်ဆည်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ ဒေါင်းမင်းအထိုင်စခန်း၊ ပညာရေးမှုးရုံးနဲ့ လဝက ရုံးတို့ကို စက်တင်ဘာ ၂၂ ရက်က တိုက်ခိုက် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ တန့်ဆည်ဘောလုံးကွင်း အထိုင်စခန်း၊ အထက ၁ နဲ့ ပြည်သူ့ဆေးရုံမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၂၂ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ကြပြီး အဲ့ဒီနေရာတွေကို တနေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုထပ်ပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းနိုင်ခဲ့တာကြောင့် တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီအထိုင်စခန်းအဖြစ် မြို့မရဲစခန်းတခုသာ ကျန်တော့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တန့်ဆည်မြို့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကတော့ တစုံတရာထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

XS
SM
MD
LG